UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်
2014.08.31

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွှန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ညီလာခံကျင်း ပရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီကိစ္စအပေါ် သက်သေနဲ့တကွ ပြောဆို ဖို့တော့ခက်တယ်လို့ ဆိုပါတယ်။
"ပြောဖို့လည်းခက်ပါတယ်၊ ဒါပေမဲ့ UNFC ကလုပ်ငန်းတွေ အောင်မြင်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် နောက်အပစ်အခက်ရပ်စဲရေးအတွက် အားလုံးပြင်ဆင်နေတယ်၊ ပြည်တွင်းကရော၊ ပြည်ပ ကရော ထောက်ခံမှှုတွေ တော်တော်လေး အဆင့်မြင့်မြင့်ရနေတယ်၊ ဒီနေ့အရှိန်အဟုန်ကောင်းနေတဲ့ အချိန်မှာတော့ စုဖွဲ့မှှုနဲ့ ဒီအချိန်အဟုန်ကို ရပ်တန့်သွားအောင် သို့တည်းမဟုတ် ကသိကအောက်ဖြစ် သွားအောင် လုပ်ချင်တဲ့အင်အားစုတွေလည်း ရှိချင်လည်း ရှိမှာပေါ့ဗျာ၊ အဲ့ဒီအင်အားစုတွေကနေ ပြီးတော့ တိုက်ရိုက်မလုပ်ပဲနဲ့ သူတို့သုံးလို့ရတဲ့သူတွေကိုသုံးပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါကတော့ ကျနော်က ခန့်မှန်းခြေပြောတာပါ"
KNUအဖွဲ့အနေနဲ့ UNFC ကနေ နှုတ်ထွက်သွားတာမဟုတ်ဘဲ KNU အဖွဲ့ အချင်းချင်း ပြန်လည် ဆွေးနွေးတိုင်ပင် ကြဖို့အတွက် ညီလာခံက ပြန်လည်ထွက်ခွာသွားခဲ့တာသာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုပါတယ်။
အခုလို KNUအဖွဲ့ ထွက်ခွာသွားတာဟာ UNFC ဖွဲ့စည်းပုံအခြေခံမူ၊ ဖွဲ့စည်းမူ ပုံသဏ္ဍန်နဲ့ ပတ်သက် ပြီး၊ သဘောမတူညီလို့ဖြစ်တယ်လို့ ပြောဆိုပေမဲ့၊ ဒီကိစ္စဟာ KNU အဖွဲ့ရဲ့မုူနဲ့ မတိုက်ဆိုင်တာ မျိုးလည်းမရှိဘူးလို့ အမည်မဖေါ်လိုတဲ့ KNU ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အခု ဆောင်ရွက်ချက်ဟာ ညီလာခံတက်ရောက်လာတဲ့ KNU ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်လို့၊ အဲ့ဒီ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး KNU အဖွဲ့အတွင်း သဘောထားကွဲပြားမူတွေ ရှိကြောင်း ၊ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ သွေးထိုးပေးနေသူတွေရှိနေပြီး စီးပွားရေးအခွင့်အလမ်း အများအပြား ပါဝင်ပတ်သက်မူတွေရှိနေတယ်လို့လည်း ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကိုနားဆင်နိုင်ပါတယ်။