ခေါင်းဆောင်တွေနဲ့ တေ့ွဆုံမှု မပြေလည်မှာကို ငြိမ်းချမ်းရေးကော်မရှင် စိုးရိမ်နေကြောင်း UNFC ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ UNFC က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ ဆွေးနွေးတဲ့အခါ ပြေလည်မှုမရရှိဘဲ အခက်အခဲတွေ ဖြစ်မှာကို ငြိမ်းချမ်းရေးကော်မရှင်က စိုးရိမ်မှုတွေရှိနေတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ အကောင်းဘက်ကို ဦးတည်စိုးရိမ်တာကို နားလည်ပေမယ့် နှစ်ဖက်အရှေ့ကို သွားလိုတဲ့ ရည်မှန်းချက်ရှိမယ်ဆိုရင် ရလဒ်ကောင်း ထွက်ပေါ်လာနိုင်မှာ ဖြစ်တယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် ကပြောပါတယ်။

"နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့လည်း နည်းလမ်းမရှာနိုင်ဘဲနဲ့ တစ်ဆို့သွားမယ့် ပုံစံမျိုးကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က မလိုလားဘူး။ အဲဒီပေါ်မှာ သူတို့လည်း စိုးရိမ်မှုရှိတယ်ပေါ့ဗျာ။ စိုးရိမ်တာ ကလည်း စိုးရိမ်ပေါ့ဗျာ။ အခြေခံအားဖြင့်ကတော့ နှစ်ဖက်စလုံးက စိတ်ရင်းစေတနာကောင်းတွေရှိတယ်။ အရှေ့ကိုသွားလိုတယ်။ အဲဒီရည်မှန်းချက်က ကျနော်တို့ရဲ့ အခြေခံကောင်းတစ်ခုလို့ မြင်တယ်။ အဲဒီ အခြေခံကောင်းပေါ်မှာ ကျနော်တို့က ဆွေးနွေးညှိနှိုင်း အဖြေရှာကြတယ်ဆိုရင် ရလဒ်ကောင်းထွက်မယ်လို့ပဲ ကျနော်တို့ဘက်က မျှော်လင့်ထားပါတယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ထိပ်ပိုင်းခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ဆုံဖို့ UNFC က ငြိမ်းချမ်းရေး ကော်မရှင်ကနေတဆင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ အကြောင်းကြားစာ ပေးပို့ထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်တာမရှိသေးဘဲ DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင်ကသာ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

UNFC က အခုလ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဒီနေ့ ၈ ရက်နေ့အထိ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျန်ရှိနေတဲ့ ပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်အဖြေရှာပြီး နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုကို လက်ရှိအနေအထားနဲ့ လက်စသတ်နိုင်ဖို့ အတွက် UNFC ဘက်က နှစ်ဖက် ထိပ်သီးခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ဆုံဖို့ လိုလားနေတာဖြစ်တယ်လို့ ပြောပါတယ်။