လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ UNDO ဖွဲ့စည်း
2015.01.16

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာမှာကျင်းပတဲ့ အခမ်းအနားမှာ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ UNDO ရဲ့ အတွင်းရေးမှူး ဒေါက်တာ ဇော်မြင့်က စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုး ဖောက်ခံရ သူတွေအကြောင်းကို စုံစမ်းပြီး မှတ်တမ်းတင်မှာဖြစ် တယ်လို့ ပြောပါတယ်။
"ကျနော်တို့ ဒီအဖွဲ့ကိုဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်က ၁၉၈၈ ခုနှစ်ကနေပြီးတော့ ၂ဝ၁ဝ အတွင်း နဝတ၊ နအဖ စစ်အစိုးရနှစ်ခုအတွင်းမှာ လူ့အခွင့် အရေးဖောက်ဖျက်ခြင်းကို ခံခဲ့ရတဲ့ အဲဒီ့လူတွေ အကြောင်းကို မှတ်တမ်းတင်မှာဖြစ်တယ်၊ ဘယ်သူ ဘယ်ဝါသည်၊ ဘယ်ပုံ ဘယ်နည်းဖြင့် လူ့အခွင့် အရေး ဖောက်ဖျက်ခြင်းခံရတယ်ဆိုတဲ့ဟာကို စုံစမ်းမယ်"
လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီကို UNDO က အဖွဲ့ဝင် ၄၀ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီ့အဖွဲ့စည်းက လူ့အခွင့်ရေးချိုးဖောက်မှုကိစ္စတွေကို ဖော်ထုတ်မှတ်တမ်းတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
UNDO ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နှုတ်ထွက်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။