၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့်ကို ပယ်ဖျက်ဖို့ တောင်းဆို
2018.12.11

အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့်အတည်ပြုချက်ကို ပယ်ဖျက်ဖို့နဲ့ မပယ်ဖျက်ရင် ကန့်ကွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ မကွေးကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ ကန့်ကွက်ပွဲမှာ အမျိုးသားရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ကန့်ကွက်ပွဲပြီးတဲ့နောက် မြန်မာ့အမျိုးသားရေးကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကလေးသူငယ်များဆိုင်ရာ ဥပဒေကနေ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို လက်ထပ်ထိမ်းမြားခွင့်ပြုတဲ့အချက်ကို ဖယ်ရှားဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုချက်ပါဝင်ပါတယ်။
ရှုတ်ချပွဲမှာ မြန်မာအမျိုးသားရေးကွန်ရက်အတွင်းရေးမှူး ကိုနောင်တော်လေးက လွှတ်တော်အမတ်တွေအနေနဲ့ ကလေးသူငယ်တွေ ဒုက္ခရောက်မယ့်ဥပဒေမျိုး လုံးဝမပြဌာန်းဖို့ အခုလိုပြောပါတယ်။
“လွှတ်တော်အမတ်မင်းတွေအနေနဲ့ ကိုယ့်သမီး ကိုယ့်နှမကိုမှ ငယ်ငယ်ရွယ်ရွယ် ၈ တန်းကျောင်းသူ ၁၀ တန်းကျောင်းသူဘဝနဲ့ ကိုယ်ဝန်နဲ့မြင်ရတဲ့ဘဝမျိုး မလိုလားရင် တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူတွေ ကလေးသူငယ်တွေ အတိဒုက္ခရောက်စေမယ့် ဥပဒေမျိုးလုံးဝမပြဌာန်းပါနဲ့လို့ ကန့်ကွက်ပြောချင်ပါတယ်။”
ဒီကနေ့ပွဲမှာ မြန်မာ့အမျိုးသားရေးကွန်ရက်ကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ထဲမှာ ပညာသင်ကြားရမယ့်အရွယ် ကလေးသူငယ်တွေကို ကာမဘီဘူးတို့ရဲ့ အသုံးတော်ခံအဖျော်ဖြေခံဘဝမျိုး၊ အတိဒုက္ခဆိုးကြုံမယ့်အဖြစ်မျိုး ဖန်တီးရာရောက်နေတဲ့ပြဌာန်းချက်ဖြစ်လို့ အဲဒီပြဌာန်းချက်ကို ကလေးသူငယ်များဆိုင်ရာဥပဒေမှ ထုတ်နုတ်ဖယ်ရှားပေးဖို့ တောင်းဆိုကြောင်း ပါဝင်ပါတယ်။
ကန့်ကွက်ပွဲကို ဦးဆောင်ပြုလုပ်တဲ့ မကွေးကျောင်းတိုက်ဆရာတွေ ဦးပါမောက္ခက အခုလိုလုပ်တာ ပဏာမဖြစ်ပြီး ကန့်ကွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ပြောပါတယ်။
“ဘုန်းကြီးတို့က ဘာဆက်လုပ်မှာလဲဆိုရင် ဒါပဏာမလေးပဲ ခြေလှမ်းတစ်လှမ်း စလိုက်တာပဲ။ အဲဒီလို အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်းဥပဒေကို မကြိုက်တဲ့ပုဂ္ဂိုလ်တွေ တူရာ တူရာ ပေါင်းပြီး ဆက်လက်ပြီး ကန့်ကွက် ရှုတ်ချတာတွေ လုပ်သွားမယ်။”
လွှတ်တော်ထဲကအမတ်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူတွေရဲ့ဘဝတွေအပေါ် မူတည်နေလို့ တိုင်းပြည် အကျိုးကိုကြည့်ပြီး ဆုံးဖြတ်ပေးဖို့မေတ္တာရပ်တယ်လို့ လွှတ်တော်အမတ်ဟောင်း အမျိုးသားရေးဆောင်ရွက်သူ ဒေါ်ခင်ဝိုင်းကြည် ကဆိုပါတယ်။
“အမတ်မင်းတွေကို ပြောချင်တာ။ အမတ်တယောက်ရဲ့ အရည်အချင်း၊ အမတ်တယောက်ရဲ့ အာဏာ၊ အမတ်တယောက်ရဲ့ ဆုံးဖြတ်ချက် ခလုပ်ကလေးတခု နှိပ်လိုက်တာ အဲဒီမှာ ပြည်သူတယောက်ချင်းရဲ့ ဘဝတွေ၊ တိုင်းပြည်ရဲ့ ဖံ့ွဖြိုးတိုးတက်ရေးတွေ မူတည်နေတဲ့အတွက် လွှတ်တော်ထဲက အမတ်မင်းများ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ပေးကြပါ၊ စဉ်းစားပေးကြပါ၊ သတ္တိရှိကြပါလို့ မေတ္တာရပ်ခံချင်တယ်။”
ပြည်သူ့လွှတော်ရဲ့အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်အပေါ်မှာ မကွေးသီလရှင် စာသင်တိုက်ရဲ့ ကျောင်းသူ မနှင်းနွယ်ဦးက ပြောပါတယ်။
“အသက် ၁၄ နှစ်ကစပြီး အိမ်ထောင်ပြုခွင့်ကို တင်သွင်းလိုက်တယ်ဆိုတော့ ပြည်သူလူထုအတွက် ရှုထောင့်မျိုးစုံကနေ သေချာမကြည့်ဘဲ ပြောလိုက်တယ်လို့ ထင်တယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးယှဉ်ကြည့် လိုက်မယ်ဆိုရင် လုံးဝမကောင်းချက်က တော်တော်များပါတယ်။”
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မူလဥပဒေကြမ်းမှာတော့ လက်ထပ်ထိမ်းမြားနိုင်တဲ့အသက်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ်ရမယ်လို့ ပါရှိတာဖြစ်ပြီး ထိမ်းမြားခြင်း စာချုပ်ချုပ်ဆိုရင် ပဋိညာဉ်ပြုနိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။