UNA ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေးမည်


2015.01.14
una-conference-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်
Photo: RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

UNA ညီလာခံအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်မှာ နိုင်ငံရေး မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ဆွေးနွေး မှာဖြစ်တယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောပါတယ်။

"UNA ညီလာခံမှာ အနာဂါတ် မြန်မာနိုင်ငံရေး အတွက်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သင့်ပြီလို့ ကျနော်တို့ ဆုံးဖြတ်ထားတာရှိတယ်၊ UNA ကလည်း ကိုယ့်ဘာသာကိုယ်လုပ်နေပြီ၊ နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍ မှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်မှုအခန်းကဏ္ဍက ယူနေတယ်လို့ အားလုံးမြင်တဲ့ NLD နဲ့ လူမှုအဖွဲ့အစည်းတွေ က ၈၈ လိုဟာမျိုးပေါ့ လာပြီးတော့မှ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကို ကျနာ်တို့ကမ်းလှမ်းဖို့ပါ၊ အဲဒီ့မှာ သူတို့ရဲ့ပူးပေါင်းပါဝင်မှု လိုအပ်တယ်၊ ဒါဟာ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စည်းလုံးညီညွှတ်ဖို့ လိုအပ်တယ်ဆိုတာကိုမြင်လို့ အဲ့ကိစ္စသွားဆွေးနွေးမှာပါ"

UNA အနေနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေအပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ကို ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ UNA ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။