ပုဒ်မ ၄၃၆ ပြင်ရေး တိုင်းရင်းသားဒေသတွေမှာ UNA စည်းရုံးလှုပ်ရှားမည်

တိုင်းရင်းသားဒေသတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရန်ကုန်မြို့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နေအိမ်မှာ UNA အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ မတ်လ ၆ ရက်နေ့ က တွေ့ဆုံဆွေးနွေးစဉ် photo: 88 Facebook

တိုင်းရင်းသားဒေသတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုရဖို့အတွက် ဒီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး တောင်းဆိုဖို့ စည်းရုံးဟောပြောနေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"UNA အဖွဲ့ဝင်ပါတီတွေရဲ့ ရုံးစိုက်ရာမြို့တွေမှာရှိတဲ့ ပါတီဝင်တွေကို ပွင့်လင်းလူ့အဖွဲ့အစည်းကလာပြီး လက်မှတ်ရေးထိုးတဲ့အခါမှာ ပူးပေါင်းပါဝင်ဖို့အတွက် စီစဉ်ထားတာတွေရှိပါတယ်၊ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီအရေးပေါ့နော် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး ဘာတစ်ခုမှရအောင် ဆောင်ရွက်နိုင်မှာမဟုတ်ဘူး၊ လွှတ်တော်လမ်းကြောင်းနဲ့ သွားမယ်ဆိုရင်လည်းပဲ ၄၃၆ ကို စပြီးပြင်ရမယ်၊ ဒါဟာ အခရာအကျဆုံးအလုပ်မို့လို့ အားလုံးမှာတာဝန်ရှိတယ် ဆိုတဲ့အကြောင်းတော့ ကျနော်တို့တပ်လှန့်ထားပြီးဖြစ်ပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားဒေသတွေမှာ ဟောပြောဖို့နဲ့ လူထုလက်မှတ်ရေးထိုးဖို့ UNA နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သဘောတူထားကြပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို UNA အဖွဲ့ရဲ့ပါတီအသီးသီးရုံးစိုက်ထားရာ ရှမ်း၊ရခိုင်၊ချင်း၊မွန်စတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း ဟောပြောပွဲတွေ လက်မှတ်ကောက်ခံပွဲတွေ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မွန်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ ဇိုမီးအမျိုးသားကွန်ဂရက်စတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org