ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်ခင်ပြင်ပေးဖို့ ၈၈ မျိုးဆက်နဲ့ UNA တောင်းဆို


2015.05.22
una-88gen-students-meeting-305 ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ UNA အဖွဲ့တို့ မေလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Thiha Tun/RFA

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ပေးဖို့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ UNA အဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းက Holiday စားသောက်ဆိုင်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ UNA တို့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ပေးရမယ်လို့ UNA အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးက ပြောပါတယ်။

"ကျနော်တို့ကတော့ ဒီအခြေခံဥပဒေကိုတော့ အားသွန်ခွန်စိုက်လုပ်ပြီၤးတော့ အားလုံးကြိုးစားပြီး ဝိုင်းလုပ်မှသာ ပြင်မှရမယ်၊ မပြင်ပဲနဲ့သွားလို့ ရှိရင်တော့ နောက်အစိုးရတစ်ခုက ဒီအတိုင်းပဲတက်လာမယ်ဆိုလို့ရှိရင် ဒီအတိုင်းပဲ တရွက်တိုက်ပြီးတော့ ကျနော်တို့ လူငယ်တွေကိုလည်း တရွက်တိုက်ခေါ်သွားလိမ့်မယ်၊ နောက်ပြီးတော့ ဒီဟာကြီးက မပြင်ပဲထား ထားမယ်ဆိုရင်လည်း တိုင်းပြည်အတွက် ပိုဆိုးသထက် ဆိုးလာလိမ့်မယ်ဆိုတာ ပြောကြားရင်း ကျနော် နိဂုံးချုပ်ပါတယ်ဗျာ"

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို ထောက်ခံအားပေးတဲ့ ကြေညာချက် တစ်စောင် ပေးပို့သွားမယ်လို့ ဆွေးနွေး ပွဲမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနှစ်ဟာ တိုင်းပြည်အပြောင်း အလဲအတွက် အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဖို့အရေးကြီးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပွဲမှာ လက်နက်ကိုင်တိုင်းရင်သားအဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုအပ်တယ်လို့လည်း သဘောတူလိုက်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားကိုလည်း နားဆင်နိုင်ပါတယ်။

တဆက်တည်းမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲအမီ ပြည်သူလူထုတောင်းဆိုနေတဲ့ အချက်တွေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်နိုင်ဖို့ဆိုတာ ခက်ခဲနေတယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက သုံးသပ် ပါတယ်။

ဦးခွန်ထွန်းဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။