အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း
2010.11.30

ရွေးကောက်ပွဲ အပြီး နိုင်ငံရေးအခင်းအကျင်းမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေးအတွက် ဆောင်ရွက်ဖို့ စစ်အစိုးရကို မစ္စတာ နမ်ဘီယာက တိုက်တွန်း အားပေးခဲ့ပါတယ်။
ဘယ်လို နိုင်ငံရေး အသွင်ကူးပြောင်းမှုမျိုးမဆို အောင်မြင်ဖို့ဆိုရင် အားလုံး လူစုံတက်စုံပါဝင်မှု အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အခြေခံမှ အောင်မြင်နိုင်မှာ ဖြစ်သလို၊ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သူတွေ၊ အနိုင်ရသူတွေသာမက၊ ရွေးကောက်ပွဲ မဝင်သူတွေ၊ မဝင်နိုင်သူတွေလည်း ပါဝင်ရမှာ ဖြစ်တယ်လို့ မစ္စတာနမ်ဘီယာက ပြောဆိုခဲ့ကြောင်း Farhan Haq က သတင်းထောက်တွေကို ပြောသွားပါတယ်။
အားလုံးပါဝင်နိုင်ဖို့ ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်က စစ်အစိုးရကို အလေးအနက် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။