လာမည့်နှစ်လအတွင်း မြန်မာ့ရှေ့ရေး အရေးကြီးဆုံးအဖြစ် ကုလအတွင်းရေးမှူးချုပ် သတိပေး
2010.12.07

သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တစိုက်မတ်မတ် တိုက်တွန်းဖို့ လိုကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ပြောဆိုပါတယ်။
မြန်မာ့နိုင်ငံရေး တိုးတက်မှု ပုံပေါ်လာဖို့အတွက် လာမဲ့ နှစ်လအတွင်း အချိန်ကာလဟာ အရေးကြီးတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာအာဏာပိုင်တွေဖက်က သူတို့ရဲ့တာဝန်တွေကို ကျေပွန်တယ်ဆိုတာ ပြသဖို့ အခုချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ မနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း Vijay Nambiar ဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် ရလဒ်တွေကို တင်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ထားသလို မဖြစ်ခဲ့ပေမဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာဖို့ စစ်အစိုးရကို ဆက်လက် တိုက်တွန်းကြဖို့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လည်း စစ်အစိုးရကို ထပ်မံ တိုက်တွန်းလိုက်ပါတယ်။