နိုင်ငံရေး ပြောင်းလဲဖော်ဆောင်မှု ကုလသမဂ္ဂအကြီးအကဲ ကြိုဆို
2013.06.15

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံပြီးတဲ့နောက် ထုတ်ပြန်တဲ့ကြေငြာချက်မှာ အဲဒီလို ဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ပြည်ထောင်စု လွှတ်တော်က ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍကို မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်တာလို့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ကပြောကြားပါတယ်၊
ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာရှိစေဖို့ လူမှုအသိုင်းအဝိုင်းချင်းချင်းကြားဖြစ်ပွားတဲ့ ပဋိပက္ခဖြေရှင်းရေး၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ အခြေခံအခွင့်အရေးတွေကို တလေးတစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူရာမှာ ထင်သာမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။
သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ပြည်သူ့လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိမ်းဆွေ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ဝင် ဒေါက်တာဝင်းမြင့် နဲ့ ပြည်သူ့လွှတ်တော် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မျိုးအောင်တို့လည်း လိုက်ပါလာကြပါတယ်။