ရိုဟင်ဂျာလူမှောင်ခို စုံစမ်းဖို့ ထိုင်းကို ကုလနဲ့ အမေရိကန် တိုက်တွန်း
2013.12.06
မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက လူမှောင်ခိုဂိုဏ်းတွေဆီ ပို့ပေးနေတယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ အထူးဆောင်းပါးတစ်ပုဒ်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ထိုင်းအစိုးရကို မနေ့က တိုက်တွန်းလိုက်ကြပါတယ်။
နိုင်ငံသုံးနိုင်ငံမှာ နှစ်လကြာ စုံစမ်းမေးမြန်းခဲ့တာတွေကို အခြေခံပြီး ကြာသပတေးနေ့က ဖေါ်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင်တွေကို ပင်လယ်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ လူမှောင်ခိုသမားဆီ လွှဲပြောင်းပေးရေးဆိုတဲ့ လျှို့ဝှက်မူဝါဒအကြောင်း ဖွင့်ချထားပါတယ်။
အဲဒီ မွတ်စလင် လူမျိုးစုတွေကို ထိုင်းတောင်ပိုင်းကတဆင့် မလေးရှားနယ်စပ်အနီး လျှို့ဝှက်စခန်းတွေမှာထားရှိပြီး၊ မိသားစုဆွေမျိုးတွေက ငွေပေးရွေးတဲ့အထိ ထိန်းသိမ်းထားကြောင်း၊ တချို့အရိုက်နှက်ခံရ၊ အသတ်ခံရတယ်လို့ ဆောင်းပါးမှာဖေါ်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးဌာန ပြောခွင့်ရသူ Vivian Tan က ဆောင်းပါးပါအချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့လိုပါတယ်၊ သူတို့ကို ယာယီ အကာအကွယ်ပေးထားဖို့၊ အနိုင်ကျင့် အမြတ်ထုတ်တာတွေကို တားဆီးပေးဖို့အတွက် ဒေသတွင်းနိုင်ငံတွေကိုလည်း အကူအညီတောင်းထားပါတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Narie Harf ကလည်း ရိုဟင်ဂျာတွေကို လူမှောင်ခိုသမားတွေဆီ ရောင်းစားတဲ့ကိစ္စမှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားသိရကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စအပေါ် အလေးအနက်ထားပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်း ပြောကြားပါတယ်။
နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကတော့ အမေရိကန်အစိုးရရဲ့ လူမှောင်ခိုတားဆီးရေး အကောင်အထည်ဖေါ်မှု အခြေပြစာရင်းမှာ ထိုင်းနိုင်ငံဟာ လက်ရှိထက် အဆင့်နိမ့်သွားဖွယ်ရှိပြီး ပိတ်ဆို့အရေးယူ ခံရဖွယ်ရှိနေတယ်လို့ ပြောပါတယ်။
ရီပါဘလီကင် လွှတ်တော်အမတ် Joe Pitts ကတော့ ဒီကိစ္စအတွက် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလုံးကို ဖိအားပေးအရေးယူဖို့ ပြောကြားလိုက်ပါတယ်။