ကုလနိုင်ငံတွေ မြန်မာစစ်တပ်ကို လက်နက် ရောင်းနေကြောင်း အစီရင်ခံစာထွက်
မြန်မာနိုင်ငံမှာ အရပ်သားတွေကို တိုက်ခိုက်နေတဲ့စစ်တပ်ကို အားပေးရာရောက်တဲ့ လက်နက်ပစ္စည်း တင်ပို့ရောင်းချနေတာတွေ ချက်ချင်းရပ်အောင် လုံခြုံရေးကောင်စီကနေ ဆွေးနွေးဆုံးဖြတ်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတွမ်အန်ဒရူးက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတယ်လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၀ ပါတဲ့ အစီရင်ခံစာသစ်တစေစောင်ကို မစ္စတာအန်ဒရူးက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ တင်သွင်းလိုက်တာပါ။
မြန်မာစစ်တပ်ဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားဆီကရော၊ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေးလ်၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေဆီကနေ လက်နက်ပစ္စည်းတွေ ဝယ်ယူရရှိနေတယ်လို့ သူ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
တရုတ်၊ ရုရှားနဲ့ ဆားဘီးယားဟာ စစ်တပ်အာဏာမသိမ်းခင်ကရော၊ အာဏာသိမ်းပြီးတဲ့နောက်မှာပါ စစ်လက်နက်ပစ္စည်းတွေ ရောင်းချတင်ပို့ခဲ့ပြီး၊ ကျန်တဲ့နိုင်ငံတွေကတော့ ၂၀၁၈ ခုနှစ်ကနေ စစ်တပ် အာဏာမသိမ်းခင်ထိ ရောင်းပေးခဲ့တယ်လို့ သူ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်နက်တွေဟာ အရပ်သားတွေကို သတ်ဖြတ်ဖို့ဆိုတာ ယုံမှားသံသယဖြစ်စရာ မလိုတဲ့အတွက် မြန်မာကို လက်နက်မရောင်းသင့်တဲ့အကြောင်း၊ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ရပ်အောင် စလုပ်ရမှာကတော့ စစ်လက်နက်ပစ္စည်း ပိတ်ပင်တားမြစ်ဖို့သာ ဖြစ်တဲ့အကြောင်းနဲ့ လက်နက်ပိတ်ပင်ဖို့ ကမ္ဘာကြီးက နောက်ကျလေလေ၊ မြန်မာပြည်မှာ ကလေးတွေ အပါအဝင် အရပ်သားတွေ ပိုအသတ်ခံရလေ ဖြစ်နေတယ်လို့ မစ္စတာအန်ဒရူးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေထင်ထင် ရှားရှားပေါ်ပေါက်နေပေမယ့်၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ရုရှားဟာ ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ ရောင်းချတင်ပို့ခဲ့သလို၊ နောက်ထပ်လည်း ရောင်းဦးမယ့်အကြောင်း ကတိပေးထားတယ်လို့ ဆိုပါတယ်။
အဲဒါအပြင် ဆားဘီးယားအစိုးရကလည်း လောင်ချာတွေ၊ လက်နက်ကြီးကျည်တွေ မြန်မာစစ်တပ်ကို ရောင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ ထောက်ပြပါတယ်။
မြန်မာကို စစ်လက်နက်ပစ္စည်း ရောင်းချတင်ပို့တာ တားဆီးဖို့၊ ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လက တိုက်တွန်းတဲ့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကိုလည်း မြန်မာပြည်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ပါတယ်။
ဒါပေမဲ့ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြတဲ့အတွက် အမျက်ဒေါသထွက်စရာလည်း ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ မြန်မာကိုရောင်းချတင်ပို့တာ တားမြစ်ပိတ်ပင်မယ့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအနေနဲ ့စဉ်းစားဆုံးဖြတ်သင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အန်ဒရူးက တိုက်တွန်းလိုက်ပါတယ်။