ပင်လုံညီလာခံ ကုလသမဂ္ဂ အပြည့်အဝ ထောက်ခံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝန်း ရဲ့ မျှော်လင့်ချက်တွေ အင်မတန်မြင့်မားနေကြောင်းနဲ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အလေးအနက် ဂုဏ်ပြုထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက် ပါတယ်။
-
2016-08-30 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ မျှော်လင့်ချက်တွေ အင်မတန်မြင့်မားနေကြောင်းနဲ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အလေးအနက် ဂုဏ်ပြုထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့မေးမြန်းချက်ကို သူက အခုလိုပြောကြားခဲ့တာပါ။ တဆက်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ လူမှုဘဝတွေ သာယာရေးအတွက် မြန်မာပြည်သူတွေနဲ့ အစဉ်အမြဲရှိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက ပထမဦးဆုံး မြန်မာပြည်မှာဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြောင့် အသက်ဆုံးရှုံး ခဲ့မှုတွေနဲ့ သမိုင်းဝင် စေတီပုထိုးပျက်စီးမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဦးဆောင်မှုအောက်မှာ အဲဒီပျက်စီး မှုတွေကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အဲဒီနောက် ကုလသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးဆောင်ရွက်မှုတွေကို အစဉ်တစိုက် ထောက်ခံအားပေး ခဲ့ကြောင်း၊ မြန်မာပြည်အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် နမ်ဘီးယားကို တာဝန်ပေးခဲ့တဲ့ အပြင် မိမိကိုယ်တိုင်လည်း မြန်မာအာဏာပိုင်တွေကို အကြိမ်များစွာ လာရောက်တွေ့ဆုံ ကြိုးပမ်းခဲ့ကြောင်းနဲ့ အခု ဆိုရင် နိုဝင်ဘာ ရွေးကောက်ပွဲကနေတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အခုလို ပြုပြင်ပြောင်းလဲမှုတွေအတွက် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုပါကြောင်း ဘန်ကီမွန်းက ပြောပါတယ်။
အဲဒီနောက် လက်ရှိအစိုးရရဲ့ မြန်မာ့နိုင်ငံရေးမှာပါဝင်ပတ်သက်နေသူတွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးရေး၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ချီးကျုးဂုဏ်ပြု ပါကြောင်း သူကပြောပါတယ်။
တဆက်တည်းမှာပဲ မြန်မာအစိုးရအနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ပိုမိုအားကောင်း မောင်းသန်စွာ ကြိုးပမ်းရမှာဖြစ်ပြီး အဲဒီအချက် ကို နိုင်ငံတကာ အသိုင်းအဝန်းက အထူးမျော်လင့်နေကြေင်း၊ အခုကျင်းပမယ့် ပင်လုံညီလာခံဟာ ခိုင်မာ တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသားအားလုံး လူမျိုး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး တန်းတူညီမျှ အခွင့်ရပြီး ငြိမ်းချမ်းလုံခြုံစွာနေထိုင်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ နှစ်ဦး ဒီကနေ့ သဘောတူညီခဲ့ကြကြောင်းလည်း ဘန်ကီမွန်း က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း မိမိတို့ဆွေးနွေးခဲ့ကြကြောင်း၊ အခြေအနေတွေက အင်မတန် ခက်ခဲနက်နဲ လှပြီး ပြဿနာတွေကို ဇစ်မြစ်ကစတင်ဖြေရှင်းဖို့ အစိုးရက ကတိပြုခဲ့ကြောင်း၊ မိမိတို့ရဲ့ နေရပ်တွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ ချို့ချို့တဲ့တဲ့ နေထိုင်ရတဲ့ လူထောင်သောင်း များစွာအရေးကို နိုင်ငံတကာ က စိုးရိမ်ပူပန်နေကြောင်း၊ လက်ရှိမြန်မာပြည်ရဲ့ ပြသနာတွေဟာ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ပြသနာမျှ မကကြောင်း၊ ဒီတိုင်းပြည်မှာမျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သူတွေအနေနဲ့ တခြားသူတွေ နည်းတူ ဂုဏ်သိက္ခာ ရှိစွာ နိုင်ငံသားဖြစ်ခွင့်ရရှိသင့်ကြောင်းနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အတူယှဉ်တွဲ နေခွင့်ရဖို့လိုကြောင်း ဘန်ကီမွန်းကပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ ခက်ခဲလှတဲ့ အခြေအနေတွေကို လက်ရှိအစိုးရသစ် က ဖြေရှင်းနေချိန်မှာ နိုင်ငံတကာအသိုင်းအဝန်းကလည်း နားလည်စိတ်ရှည်ပြီး အမျိုးသား ကိုယ်ပိုင်အကျိုးစီးပွား ကို လေးစားကြရမှာဖြစ်ကြောင်းနဲ့ မစ္စတာ ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူမယ့် အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့်အဝ ထောက်ခံကြောင်း သူက ပြောပါတယ်။
မစ္စတာ ကိုဖီအာနန်က မိမိကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ရာမှာ မိမိက သူဦးဆောင်မယ့် ကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အတတ်နိုင်ဆုံး ကူညီမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နီးကပ်စွာပူးပေါင်းဆေင်ရွက်ဖို့နဲ့ ဒီကိစ္စအတွက် ပါဝင်သက်ဆိုင်သူတွေကို တတ်နိုင်သမျှ များများ တွေ့ ဆုံဆွေးနွေးဖို့လည်း သူ့ကိုတိုက်တွန်းခဲ့ပါတယ် စသဖြင့် ဘန်ကီမွန်းက ပြောကြားသွားပါတယ်။
မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက တိုင်းရင်းသားအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကို မေးမြန်းရာမှာ မိမိတို့ တတ်နိုင်သလောက် လူများများ တက်ရောက်နိုင်အောင် စီစဉ်ပေး မှာ ဖြစ်ကြောင်း၊ တက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာကိုတော့ ကာယကံရှင်တွေကပဲ ဆုံးဖြတ်ကြရ မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တင်ပြထားတာ နားဆင်နိုင်ပါတယ်။