မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ကင်တားနားက မြန်မာပြည် ၁ဝ ရက်ကြာ ခရီးစဉ်အတွင်း သြဂုတ်လ ၁၉ ရက် ညက မိတ္ထီလာမြို့မှာ ဆန္ဒပြသူတချို့က သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
မိတ္ထီလာမြို့ကိုရောက်ရှိခဲ့ချိန်မှာ လူနှစ်ရာလောက်ရှိတဲ့အုပ်စုက သူ့ရဲ့ကားကိုဝိုင်းပြီး အော်ဟစ်ထုနှက် ရိုက်ပုတ်ခဲ့ကြပါတယ်၊
ဒါပေမယ့်မည်သည့် လုံခြုံရေးတပ်ဖွဲ့ကမှ သူ့ကို အကာအကွယ် မပေးခဲ့ပါဘူး၊ နိုင်ငံတော်အစိုးရဟာ ကျနော့်လို ကုလသမဂ္ဂကလာတဲ့ အထူးကိုယ်စားလှယ်တစ်ယောက်ကို အကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်။
ဒါပေမယ့် အစိုးရဟာ ဒီလိုကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်၊ ဒီဖြစ်ရပ်ကြောင့် ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရရှိခဲ့တဲ့ ဒုက္ခသည်တွေရဲ့ ခံစားချက်ကို နားလည်သွားခဲ့ပါတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒါ့ပြင် မွတ်စလင်ဒုက္ခသည် ၁၆ဝဝ လောက်ရှိတဲ့ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုဖို့ မူလကစီစဉ်ထားခဲ့တာကိုလည်း အဲဒီဖြစ်ရပ်ကြောင့်ဖျက်သိမ်းခဲ့ရပါတယ်လို့ သူကပြောပါတယ်။ အခု ခရီးစဉ်ဟာ မစ္စတာ ကင်တားနားရဲ့ ၈ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ် တွေ့ရှိချက်တွေကို လာမယ့်အောက်တိုဘာ ၂၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမှာဖြစ်ပါတယ်။
မစ္စတာ ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးသစ်ဆင်းက တင်ပြမှာဖြစ်ပါတယ်။
မစ္စတာ ကင်တားနားရဲ့ကားကို ၁၉ ရက်နေ့က တိုက်ခိုက်ရန်ပြုခံရတာနဲ့ ပတ်သက်ပြီး ကင်တားနားနဲ့ တွေ့ဆုံခဲ့သူဖြစ်တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံညီညွှတ်ရေးအဖွဲ့ဝင်နဲ့ မွတ်စလင်ခေါင်းဆောင် ရှေ့နေဦးအောင်သိန်းကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား လိုက်ပါတဲ့ကားကို မိတ္ထီလာမြို့မှာ တိုက်ခိုက်ရန်ပြုခံရတာနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန်ရုံးအဖွဲ့မှူးနဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။