ဖမ်းဆီးထားသူအားလုံး ချက်ချင်းပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီ ထပ်မံတိုက်တွန်း

2021.04.02

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်စည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲ့ မြန်မြန် ဆန်ဆန် ယိုယွင်းပျက်ပြားလာနေတဲ့ အခြေအနေတွေအပေါ် လုံခြုံရေးကောင်စီက အလွန်တရာ စိုးရိမ်နေပြီး၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးရတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ- ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Dang Dinh Quy က မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ၂၀၂၁ ဧပြီလ ၁ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းကတဆင့် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ဖို့ လည်း လုံခြုံရေးကောင်စီက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားဖို့၊ အကြမ်းဖက်တာတွေ ရှောင်ရှားပြီး၊ ပြည်သူ့ဆန္ဒနဲ့အညီ တွေ့ဆုံဆွေးနွေး၊ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မတ်လ ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်ပြီး၊ အလေးဂရုပြု ဆောင်ရွက်သွားဖို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အပြည့်အစုံ ဖတ်ရှုရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-02 21:02

The statement was dropped the some words and amended by china and Russia before issued.