ကလေးစစ်သား အသုံးပြုဆဲနိုင်ငံတွေထဲ မြန်မာပါဝင်တယ်လို့ ကုလအစီရင်ခံစာမှာပါရှိ
မြန်မာနိုင်ငံမှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ကလေးစစ်သား စုဆောင်းတာတွေ တိုက်ပွဲတွေမှာ စစ်သားအဖြစ် အသုံးပြုတာတွေရှိနေတယ်လို့ ကုလသမဂ္ဂ ၂၀၁၈ ခုနှစ် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
-
2019-07-31 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ကလေးစစ်သား စုဆောင်းတာတွေ တိုက်ပွဲတွေမှာ စစ်သားအဖြစ် အသုံးပြုတာတွေရှိနေတယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ၂၀၁၈ ခုနှစ် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အတွက် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေထဲမှာ ကလေးစစ်သား တစ်သောင်းနှစ်ထောင်ထက်မနည်း သေဆုံးတာ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့အထဲမှာတော့ တပ်မတော်က ၂၀၁၈ ခုနှစ်အတွင်း ကလေး ခုနှစ်ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့ပြီး ၆၄ ယောက်ကိုလည်း စစ်သားအဖြစ် အသုံးပြုခဲ့တယ်လို့ ပါရှိသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကလေးစစ်သားစုဆောင်းတဲ့ဖြစ်စဉ် ၁၁ ခုအထိ ရှိခဲ့တယ်လို့ ပါရှိပါတယ်။
ဒီဖြစ်စဉ် ၁၁ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကိုးခု၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တစ်ခုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က တစ်ခု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကလေးစစ်သား စုစုပေါင်း ၁၇ ယောက်အထိ အသုံးပြုခဲ့တာတွေ့ရှိခဲ့တယ်လို့ ပါဝင်ပါတယ်။
တပ်မတော်ဘက်တော့ အရင်ကရှိခဲ့တဲ့ အသက်မပြည့်တဲ့ စစ်သားတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လွှတ်ပေးနေသလို ထပ်ပြီးမစုဆောင်းဖို့လည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ပပျောက်ဖို့ ၂၀၁၂ ခုနှစ်ကတည်းက တပ်မတော်နဲ့ မြန်မာနိုင်ငံ စောင့်ကြည်လေ့လာရေးနဲ့ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့ UNCTFMR အဖွဲ့တို့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ သက်ဆိုင်ရာ တပ်ရင်းတွေ၊ ဌာနတွေမှာ အခမဲ့စာသင်ပေးနေတဲ့ ကလေးတွေကို အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်းတွေ ပေးဝတ်ထားတာပဲရှိလို့ ဒါကိုကြည့်ပြီး ကလေးစစ်သားလို့ပြောရင်တော့ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။
ဒါပေမဲ့ အစီရင်ခံစာထဲမှာတော့ တပ်မတော်အနေနဲ့ အရင်ကလည်း ယောက်ျားလေး ၂၆ ယောက်ကို ကလေးစစ်သားအဖြစ် စုဆောင်းခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တဲ့အပြင် "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ပါဝင်တဲ့ ကလေးစစ်သား စုဆောင်းတဲ့ဖြစ်စဉ် နှစ်ခုရှိခဲ့တယ်ဆိုတာလည်း မှတ်တမ်းတင်ထားတယ်လို့ ပါရှိပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း ကလေးစစ်သား မသုံးဘူးလို့ ငြင်းဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကို RFA ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေရင် ကလေးစစ်သား အသုံးပြုတာတွေလည်းရှိနေမှာဖြစ်လို့ တိုက်ပွဲတွေရပ်တန့်အောင် လုပ်ဆောင်သင့်တယ်လို့ ပါဝင်သလို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့အတိုင်း ကလေးစစ်သား လုံးဝပပျောက်အောင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
အစိုးရတပ်မတော်ဘက်ကတော့ ၂၀၁၈ ခုနှစ်အတွင်း အသက် ၁၈ နှစ် မပြည့်ဘဲ တပ်မတော်ထဲဝင်ရောက်ခဲ့သူ ၇၅ ယောက်နဲ့ ၂၀၁၉ ခုနှစ် မတ်လအထိ ၃၂ ယောက်ကို မိဘတွေထံ လွှဲပြောင်းပေးခဲ့တာကြောင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဧပြီလအထိ စုစုပေါင်း ကလေးစစ်သား တစ်ထောင်နီးပါးကို ၁၆ ကြိမ်အဖြစ် တပ်မတော်က စိစစ်နုတ်ထွက်ခွင့်ပေးထားပြီး ဖြစ်ကြောင်း ဧပြီလမှာ UNICEF အဖွဲ့နဲ့အတူ အသီးသီး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကလေးစစ်သားအဖြစ် စုဆောင်းရာမှာပါဝင်တဲ့ တာဝန်ရှိသူ အရာရှိ ၉၆ ယောက်နဲ့ စစ်သည် ၃၅၂ ယောက်ကို စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း တပ်မတော်က ပြောဆိုထားပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)