ကုလသမဂ္ဂ ဆက်လက်ကူညီရေး စစ်တွေမှာ သွားရောက်ဆွေးနွေး
2014.04.02

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဆက်လက်အကူအညီပေးနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata နဲ့ UNHCR, UNOCHA အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးရာ မှာ နိုင်ငံရေးရည်ရွယ်ချက်တွေမပါဘဲ ကူညီပေး ဖို့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့က ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။
"နောက်ပိုင်း UN တွေဝင်ပြီးတော့ ပြန်ပြီးတော့ ဒီဖက်ကို ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်လာတဲ့အခါမှာ ရခိုင်တွေရဲ့ ခံစားချက်ကို နားလည်ပါ၊ နောက်တခါ လူသားခြင်းဆိုင်ရာ အထောက်အပံ့သက်သက်ကို ပဲ ဆောင်ရွက်ပေးပါ၊ ကျန်တဲ့နိုင်ငံရေး ရည်ရွယ်ချက်တွေ၊ နိုင်ငံရေး ပယောဂတွေမပါဘဲနဲ့ နှစ်ဖက်စလုံး မျှတအောင် ဆောင်ရွက်ပေးမယ်ဆိုရင် UN ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကူညီပံ့ပိုးဖို့ အဆင်သင့်ရှိ ပါတယ်၊ အဲလိုမျိုးကျနော်တို့ ဆွေးနွေးခဲ့ပါတယ်"
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုနိုင်ဖို့ ကြိုးပမ်းနေတာတွေအပြင် အကူအညီတွေပေးရာမှာလည်း မွတ်စလင်တွေကိုသာ ဘက်လိုက်ကူညီပေးမှုတွေ ရှိနေတယ်ဆိုပြီး ရခိုင်တိုင်းရင်းသားတွေဘက်က UN နဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအပေါ်မှာ ယုံကြည်မှုမရှိကြတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့အခြေစိုက် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စဟာ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ တစ်ဘက်သတ်လုပ်ရပ်တွေကြောင့် ပေါက်ကွဲ သွားကြတာဖြစ်ပေမဲ့ အဲ့ဒီလူတစ်စုရဲ့လုပ်ရပ်ကို ရခိုင်တစ်မျိုးသားလုံးအပေါ် အပြစ်ပုံမချသင့်ကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအပေါ် UN အဖွဲ့အစည်းအနေနဲ့ လက်မခံနိုင်သလို ရခိုင်ပြည်နယ်အတွင်း အကူအညီတွေ ဆက်လက်ပေးတဲ့အခါ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ဆက်လက်ကူညီပေးသွားမယ့် အကြောင်းကိုလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာပါဝင်တဲ့ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်က ဦးသန်းထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။