တိုက်ပွဲအတွင်း နိုင်ငံတကာဥပဒေတွေလိုက်နာဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတက်ရောက်လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်။
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတက်ရောက်လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်။ (Photo: AFP)

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေအတွင်း တိုက်ခိုက်နေကြတဲ့သူတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ လူ့အခွင့်အရေးစံနှုန်းစံထားတွေကိုလိုက်နာကြဖို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ကမ္ဘာကြီးဟာ တစ်နေ့ထက်တစ်နေ့ လုံခြုံမှုနည်းလာနေပြီလို့လည်း သူက သတိပေးလိုက်ပါတယ်။ မြန်မာ၊ ယူကရိန်း၊ ဂါဇာ၊ ကွန်ဂိုနဲ့ ဆူဒန်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အဓိကထားထောက်ပြခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲတွေအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကိုဖြေရှင်းနိုင်ရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်းက အဖွဲ့ဝင်နိုင်ငံအားလုံး တူညီတဲ့ဆုံးဖြတ်ချက်မချနိုင်တာကိုလည်း သူက အပြစ်တင်ဝေဖန်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲဖို့လိုနေပြီလို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ လက်ရှိလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁ဝ နိုင်ငံရှိပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ ဗီတိုအာဏာသုံးခွင့်ရထားတာမို့ ကိစ္စရပ်တော်တော်များများမှာ အားလုံးတစ်ညီတစ်ညွတ်တည်း သဘောတူဆုံးဖြတ်ချက်ချနိုင်ရေး ခက်ခဲနေတာဖြစ်ပါတယ်။