ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ဒုတိယအကြိမ် လာမည်
2015.01.05

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံ တွင်း လူ့အခွင့်အရေး အခြေအနေကို ကြည့်ရှုလေ့လာဖို့ လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ဒုတိယ အကြိမ် ရောက်ရှိမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ ရဲ့အခြေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူမျိုးစုတွေ ရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်မှု ရှိမရှိ သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ ဆုံပြီး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်မှုတွေ နဲ့ပတ်သက် လို့ ဆွေးနွေး မှာဖြစ်သလို၊ ဒေသတွင်းက လူ့အဖွဲ့အစည်းနှစ်ရပ်ကြား အခြေအနေ အကြောင်း ရပ်ရွာအကြီးအကဲတွေနဲ့ တွေ့ ဆုံမေးမြန်းဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ဒါ့ပြင် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး ကိစ္စ၊ မျိုးစောင့်ဥပဒေမူကြမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ မေးမြန်း စုံစမ်း ဆွေးနွေး မယ်၊ မြန်မာနိုင်ငံမှာ လူနည်းစုတွေ နဲ့အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင် တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်မိတယ်လို့ Ms. Yanhee Lee က ပြောဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာ ခရီးစဉ်အတွင်းတွေ့ရှိချက် တွေကို လာမယ့် ဧပြီလအတွင်း ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။