နွမ်းပါးတဲ့ ကျေးရွာများ ဖွံ့ဖြိုးရေး ကုလသမဂ္ဂ အကူအညီပေး


2014.05.04
rakhine-un-305 ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာ ၃ ရွာက ရွာသားတွေကို မေလ ၄ ရက်နေ့က တွေ့ရစဉ်
Photo:Min Thing Aung/RFA

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံ တကာ လူမှုရေးအကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ဟာ စစ်တွေမြို့နယ်က ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာ ၃ ရွာမှာ ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့ စတင် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတကာက လူမှုရေးအကူအညီတွေပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဘက်လိုက်ကူညီမှုတွေရှိနေတယ်ဆိုတဲ့ ကန့်ကွက် မှုတွေရှိတာကြောင့် ECC လို့ခေါ်တဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဖွဲ့စည်းပြီး အဲ့ဒီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ကျေးရွာတွေကို ဖွံ့ဖြိုးရေးအကူအညီတွေပေး ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"ရခိုင်တိုင်းရင်သားတွေထဲမှာလည်း ဆင်းရဲတဲ့ရွာတွေရှိပါတယ်၊ ကျနော်တို့ အစိုးရ မထောက်ပံ့တဲ့ ရွာတွေအများကြီးရှိပါတယ်၊ အဲ့ဒီရွာတွေတော့ မကူညီပဲ ဘူးသီတောင်၊ မောင်တောတစ်အုပ်စုလေးကိုပဲ ကူညီတာတော့ ကျနော်တို့ဘက်က ပြည်သူတွေပြောပြောနေတဲ့ ဘက်လိုက်တယ်ဆိုတာ အဓိက အဲ့ဒါ ပါပဲ၊ ကျနော်တို့ အီးစီစီအဖွဲ့ဖွဲ့ပြီးပြီဆိုရင်တော့ သူတို့ဘာလုပ်မယ်၊ ဘယ်လိုဆောက်ရွက်မယ်ဆိုတာ လာရင် ကျနော်တို့ဆီမှာ ပြန်ပြီးညှိမယ်၊ ညှိတဲ့အခါမှာ နှစ်ဘက်ပြေလည်အောင်ညှိရင်တော့ နောက်ပိုင်းမှာ ဒီလိုပြဿနာဖြစ်စရာ အကြောင်းမရှိတော့ဘူးလို့ပဲ ကျနော်ယုံတယ်"

စစ်တွေမြို့နယ်က ရခိုင်ကျေးရွာတွေဖြစ်တဲ့ အုန်းရည်ဖော်၊ ဇော်မတက်၊ သုံးဆောင်ရွာ စတဲ့ ကျေးရွာသုံးရွာမှာ ဒီလ အတွင်း ဖွံ့ဖြိုးရေးအကူအညီတွေ စတင်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ မြို့နယ်တစ်ခုကို စိစစ်ရွေးချယ်ပြီး ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata Dessallien နဲ့ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ၊ စစ်တွေမြို့ ရပ်မိရပ်ဖတွေဟာ အုန်းရည်ဖော်ကျေးရွာက ရွာခံတွေနဲ့ မနေ့ကတွေ့ဆုံပြီး လိုအပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူမှုရေးကူညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူ အညီတွေပေးရာမှာ ခွဲခြားကူညီပေးတာတွေ ရှိတယ်ဆိုပြီး ရခိုင်တိုင်းရင်းသားတွေဘက်က ဆန္ဒပြကန့်ကွက် တာတွေရှိခဲ့သလို ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်တွေမြို့မှာ INGO ရုံးတွေ တိုက်ခိုက်ခံရတဲ့အဆင့်ထိ ပြဿနာဖြစ်ပေါ် ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။