ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ် စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက် ကမ္ဘာ့ကုလသမဂ္ဂနေ့ (ကုလသမဂ္ဂက မနှစ်ကထုတ်ပြန်တဲ့ ဓါတ်ပုံ) ကုလသမဂ္ဂ အင်တာနက်စာမျက်နှာ

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ကြတာဖြစ်ပြီး အဲဒီအစီအစဉ်ကို ဖားကန့်မြို့နယ် ၈၈ မျိုးဆက် ကျောင်းသားတွေ နဲ့ တနယ်လုံးက ဒေသခံတွေပါဝင်ကြလိမ့်မယ်လို့ အဲဒီပွဲကို ကမကထပြုလုပ်သူတဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖားကန့်ဒေသကို ငြိမ်းချမ်းရေးစုပေါင်းလက်မှတ်ကောက်ခံပွဲပြုလုပ်ခဲ့ရာမှာ အခုဆိုရင် လက်မှတ်ပေါင်း တစ်သိန်း တစ်သောင်းကျော် ရရှိနေပြီ လို့ သိရပါတယ်။ အဲဒီလို စုဆောင်းထားတဲ့ လက်မှတ်တွေကို သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့တို့ဆီကို ပို့ပေးကြမယ်လို့လည်းသိရပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org