မြန်မာ့အရေး နှစ်ဆတိုးကြိုးပမ်းဖို့ နိုင်ငံတကာကို ကုလမဟာမင်းကြီး တိုက်တွန်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.09.23

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ စက်တင်ဘာလ ၂၃ရက်နေ့၊ မနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်ကတင်သွင်းတဲ့ မြန်မာနိုင်ငံ အစီရင်ခံစာထဲမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာတွေ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေပြီး အချို့သောချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ကျူးလွန်သူတွေဟာ အပြစ်ပေးအရေးယူ မခံရတဲ့အတွက် တာဝန်ခံမှုရှိလာအောင် နိုင်ငံတကာက ဝင်ရောက်ဆောင်ရွက်သင့်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

"ဒီနေ့ကျွန်မတို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဆိုရင်၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေချိုးဖောက်မှုတွေ အမြောက်အမြား မှတ်တမ်းတင်ထားပါတယ်။ ဒီအထဲမှာ မြန်မာပြည်သူတွေရဲ့ အသက်ရှင်နေထိုင်ခွင့်၊ လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှု၊ ညှဥ်းပန်းနှိပ်စက်မှု မရှိအောင် အကာအကွယ်ပေးမှု၊ မျှတတဲ့ တရားစီရင်မှုရှိအောင် အာမခံချက်ပေးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့် စတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေပါဝင်ပါတယ်။ ဒီချိုးဖောက်မှု တော်တော်များများဟာ အရပ်သားပြည်သူတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာ ဖြစ်တဲ့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity မြောက်ပါတယ်။ ဒါမှမဟုတ် စစ်ရေးပဋိပက္ခအတွင်းမှာ ကျူးလွန်ခဲ့တာဆိုရင်လည်း စစ်ရာဇဝတ်မှု war crime ဖြစ်ပါတယ်"

ဒါကတော့ မနေ့က လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မစ္စမီရှဲဘက်ချလက်က နှုတ်နဲ့ အစီရင်ခံစာတင်သွင်းရာမှာ ပြောသွားတာပါ။

"မြန်မာစစ်တပ်က အရာရှိတွေအနေနဲ့လည်း ဥပဒေနဲ့ မညီတဲ့ အထက် အမိန့်တွေကို နာခံရင်း၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ သူတို့ အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူးဆိုတာ နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ပြီးခဲ့တဲ့ မတ်လကလည်း မစ္စမီရှဲဘက်ချလက်ဟာ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအတွက် အစီရင်ခံစာတင်သွင်းခဲ့ရာမှာ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြလှုပ်ရှားသူတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထားဖော်ပြခဲ့ပြီး ခုတစ်ခေါက် တင်သွင်းတဲ့ အစီရင်ခံစာကတော့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဖြစ်ပွားတဲ့ ပိုမိုပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်း ဆန့်ကျင်ရေးအင်အားစုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တည်ထောင်ပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်လာကြတဲ့အတွက် အရင်က မျိုးဆက်နဲ့ချီပြီး စစ်ရေး ပဋိပက္ခတွေ မကြုံခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာတောင် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပုံမှန်ဖြစ်လာနေပြီး၊ PDF တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲသတ်ဖြတ်ခံရသူတွေနဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဖြစ်ရပ်တွေ တိုးလာနေတယ်လို့ မစ္စ မီရှဲဘက်ချလက်က ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားတွေနဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို မထိခိုက်အောင် ကြိုးစားကြဖို့ ထပ်ပြီး တောင်းဆိုလိုပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဝတ်ပြု ကိုးကွယ်ရာနေရာတွေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးထားတဲ့ အခြားအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ အားလုံးကို ချက်ချင်း ရပ်တန့်ပါလို့ ပြောချင်ပါတယ်”

mmk.jpg
စက်တင်ဘာလ ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီ ညီလာခံတက္ရောက်လာသော လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စမီရှဲဘက်ချလက်။

အခုဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ ပြည်တွင်းစစ်ကြီးတစ်ခု အဖြစ် ဖြစ်နိုင်ခြေတွေမြင်တွေကနေရတဲ့အတွက်၊ NUG နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ ပါဝင်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုကို ဖော်ဆောင်ပေးဖို့ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်တွေကို တိုက်တွန်းကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေတဲ့သူတွေကို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို ခွင့်ပြုဖို့လည်း သူမက တိုက်တွန်းခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံပေးမယ့် အဖွဲ့တွေ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေနဲ့ နိုင်ငံရေး မစွက်ဘဲ ပေးအပ်ရမယ့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အတားအဆီးမရှိ သွားရောက်ပေးအပ်နိုင်အောင် ခွင့်ပြုပေးဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို၊ အထူးသဖြင့် မြန်မာစစ်တပ်ကို တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ အကာအကွယ်ပေးရမယ့် သူတွေပါ။ ပစ်မှတ်ထား ဖြိုခွင်းရမှာ မဟုတ်ပါဘူး။ ဒေသခံ အရပ်သားတွေ ဆိုတာကလည်း အကူအညီတွေ ပေးအပ်တဲ့နေရာမှာ အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ရမယ့်သူတွေ ဖြစ်ပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးဖို့နဲ့ နိုင်ငံတကာက မြန်မာ့အရေးဆောင်ရွက်မှုတွေကို နှစ်ဆတိုးလို့ဖို့ တိုက်တွန်းသွားပါတယ်။

"မြန်မာစစ်တပ်က အရာရှိတွေအနေနဲ့လည်း ဥပဒေနဲ့ မညီတဲ့ အထက် အမိန့်တွေကို နာခံရင်း၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ သူတို့ အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူးဆိုတာ နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ လူအများနဲ့ အဆက်ပြတ်နေတဲ့ အခွင့်ထူးခံ စစ်ခေါင်းဆောင်အချို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုတွေ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးစည်ပင်မှုတွေ အားလုံး စတေးခံလိုက်ရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မပျောက်ဆုံးအောင် ကာကွယ်ဖို့ ကြိုးစားတဲ့ သူတွေကတော့ အသက်ပေးလိုက်ရပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ ဆိုးဝါးပြီး၊ စိတ်ထိခိုက်စရာ ဖြစ်ပါတယ်။ အချိန်မနှောင်းခင်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့နဲ့ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေ ဖြစ်မလာအောင် တားဆီးဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခုထက် နှစ်ဆတိုးပြီး လုပ်ကြပါလို့ ကျွန်မပြောချင်ပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။