ဦးကျော်သူနဲ့ ဒေါက်တာ စင်သီယာမောင် တွေ့ဆုံ
2013.11.26

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်း အပါအဝင် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။
ဦးကျော်သူနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်နေမှုတွေကို လေ့လာခွင့်ရခဲ့တာနဲ့ပတ်သက်လို့ ဦးကျော်သူက အခုလိုပြောပါတယ်။
“ဒါအစိုးရက လုပ်ရမယ့်ကိစ္စတွေ၊ ဒါကိုဒီမှာ ဆရာမစင်သီယာမောင်တို့ကနေပြီးတော့ တကယ့်ကို လူသားခြင်းစာနာစိတ်နဲ့ လုပ်ကိုင်ပေးတာ တွေ့တဲ့ အတွက်ကြောင့် ကျနော် အများကြီးဝမ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ ကျနော်တို့ရဲ့ ပြည်တွင်း က လူမှုရေးလုပ်ငန်းတွေကို ကျနော်တို့လာပြောတာ၊ ဆရာမကလည်း ပြည်ပမှာလုပ်ရတဲ့ အလုပ်အခက် အခဲလေးတွေ ပြောကြတာ ဖလှယ်တာပဲရှိတယ်”
အစိုးရပိုင်းက လက်လှမ်းမမီတဲ့ဒေသတွေမှာ ရေရှည်ကူညီပေးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အားလုံးအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင် ဝိုင်းဝန်ပံ့ပိုးကြဖို့ လိုအပ်တယ်လို့ ဦးကျော်သူနဲ့တွေ့ဆုံအပြီး ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
“ဒီဘက်မှာလည်း ကျမတို့ တချို့သောနည်းပညာပိုင်းဆိုင်ရာတွေကို ဖလှယ်တာပေါ့၊ အထူးသဖြင့်တော့ ဒီမျက်စိခွဲစိတ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြည်တွင်းထဲမှာ ကိုကျော်သူတို့ကစနိုင်ပြီဆိုတော့ ကျမတို့ ဒီမှာရှိတဲ့ဆရာဝန်တွေပေါ့နော်၊ သူတို့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှှုတွေကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ပံ့ပိုးသွားမယ်၊ ဝိုင်းတွဲပြီးတော့ လုပ်သွားကြမယ်ပေါ့”
ဦးကျော်သူနဲ့အဖွဲ့ဟာ မဲဆောက်မြို့လယ်က ကျောင်းကြီးကျောင်း ဘုန်တော်ကြီးကျောင်းမှာ မဲဆောက်မြို့ မနော်ဖြူစင် ရေလှူအသင်းသားတွေနဲ့လည်းတွေ့ဆုံပြီး ပရဟိတလုပ်ငန်း အတွေ့အကြုံတွေကို အကြံပြုခဲ့သလို မြဝတီ စေတနာနာရေး လူမှုကူညီရေးအသင်းရဲ့ ၉ နှစ်မြောက်အထိမ်းအမှတ် စာပေဟောပြောပွဲမှာလည်း ဦးကျော်သူက သူဖြတ်သန်းခဲ့ရတဲ့ နာရေးကူညီမှု လုပ်ငန်းတွေအကြောင်းကို ဟောပြောခဲ့ပါတယ်။