ရိုဟင်ဂျာတွေအပေါ် တပ်မတော်က အစီအစဉ်ရှိရှိ အကြမ်းဖက်ခဲ့ကြောင်း အမေရိကန်ပြော
2018.09.25

ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
မြန်မာ့တပ်မတော်ဟာ စစ်ဆင်ရေးတွေကို စနစ်တကျနဲ့ အစီအစဉ်ရှိရှိ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ တချို့နေရာတွေမှာ လူတွေကို နေအိမ်တွေထဲပိတ်ထားပြီး မီးရှို့တာ၊ တရွာလုံးကိုပိတ်ဆို့ပြီး လူအုပ်ထဲကို သေနတ်နဲ့ပစ်တာ၊ ထွက်ပြေးသွားတဲ့လှေတွေကို ပစ်ခတ်နှစ်မြှုပ်တာတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
စာမျက်နှာ ၂ဝ ပါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေထဲက လူဦးရေတစ်ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး စက်တင်ဘာလ ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းထားသူတွေရဲ့ ထွက်ဆိုချက်အရ… အများစုဟာ သတ်ဖြတ်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူတွေ ဖြစ်သလို၊ ထက်ဝက်လောက်က အဓမ္မပြုကျင့်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာအမျိုးသမီးတွေကို လေးငါးယောက်စီ၊ တချို့နေရာတွေမှာဆိုရင် အမျိုးသမီး ၂ဝ လောက်အထိ လယ်ကွင်းတွေ တောတွေထဲ၊ အိမ်တွေကျောင်းတွေ ဗလီတွေထဲကို အုပ်စုလိုက်ခေါ်သွားပြီး စစ်သားတွေက အုပ်စုလိုက် အဓမ္မပြုကျင့်တဲ့အကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt ဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ မနေ့က ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ ပူးတွဲကျင်းပတဲ့ ဒီအစည်းအဝေးကို မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ က ဝန်ကြီးအဆင့်ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP အကြီးအကဲတို့ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက… မြန်မာ့တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ လူဦးရေတစ်သန်းလောက် ခံစားနေရတဲ့ဒုက္ခကို တစ်နှစ်လောက်ကြာလို့မှ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါဟာ မိမိတို့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ကျရှုံးမှုပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က… ရိုဟင်ဂျာတွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၈၅သန်း ကူညီမယ်လို့ ကြေညာလိုက်သလို၊ မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးရှင်းလင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ အစီရင်ခံစာမှာ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် လူသားမျိုးနွယ်လုံးဆိုင်ရာ ရာဇဝတ်မှု မြောက်တယ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲထားတာ မရှိပါဘူး။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။