ရွေးကောက်ပွဲဟာ သမိုင်းမှတ်တိုင်ဖြစ်မယ်လို့ ဗြိတိသျှဝန်ကြီးပြောကြား


2015.07.28
hugo-swire-620.jpeg ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံးဝန်ကြီး Mr. Hugo Swire ပုံ
photo: wikipedia

ဗြိတိသျှအစိုးရ ဓနသဟာယနဲ့ နိုင်ငံခြားရေးရာဝန်ကြီး Mr. Hugo Swire က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်လိမ့်မယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ Hugo Swire ဝန်ကြီး ဟူးဂိုး ဆွိုင်းယား ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တနင်္လာနေ့ညနေက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး လာမယ့် နိုဝင်္ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒါ့အပြင် နေပြည်တော်ကို ဗုဒ္ဓဟူးနေ့ မနေ့က သွားရောက်ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးဝင်းရှိန်တို့ကိုတွေ့ဆုံကာ ရွေးကောက်ပွဲနဲ့ ပြည် တွင်းငြိမ်းချမ်းရေး ပြသနာတွေကို ဆွေးနွေးခဲ့ကြောင်းစသဖြင့် ဗြိတိသျှအစိုးရရဲ့ ဇူလိုင် ၂၈ ရက်နေ့ ရက်စွဲ နဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီး Hugo Swire ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနလာၤနေ့တွေမှာတော့ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ကြည့်ရှကာ ဒေသခံလူထုခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  အဲဒီလို တွေ့ဆုံကြရာမှာ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ ဝန်ကြီး Hugo Swire က လာမယ့် နိုဝင်္ဘာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခိုင်မာမှု ရှိပြီး လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီဖို့လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နဲ့ လေ့လာစောင့်ကြည့်မယ့်သူတွေကို သင်တန်းပို့ချရေးအတွက် ဗြိတိန်အစိုးရက အကူအညီတွေပံပိုးနေကြောင်း၊ ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နှစ်ဘက်စလုံးက ခေါင်ဆောင်တွေနဲ့တွေ့ဆုံကာ သူတို့ရဲ့ အခက်အခဲတွေကို မိမိကိုယ်တိုင်သိရှိခွင့်ရခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ဟာ အများကြီးတိုးတက်နေပြီဖြစ်ပေမယ့် ဖြေရှင်းရမယ့်ပြဿနာတွေ အမြောက်အများရှိနေသေးကြောင်း၊ ဗြိတိသျှအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ၂ဝ၁၂ ခုနှစ်ကနေ ဒီကနေ့အထိ ပေါင်စတာလင်ငွေ ၁၈ သန်းကျော် လှူဒါန်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရခေါင်းဆောင်တွေနဲ့ မိမိတွေ့ဆုံရာမှာ နိုင်ငံသားဖြစ်သင့်သူတွေ ဖြစ်ခွင့်ရရေးနဲ့ ဒေသခံတွေ အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် လူ့အခွင့်အရေးပြသနာတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြောင်းစသဖြင့် ဖေါ်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။