စစ်ခေါင်းဆောင် ၉ ဦးကို ဗြိတိန်နဲ့ ကနေဒါ ဒဏ်ခတ်အရေးယူ

2021.02.18
စစ်ခေါင်းဆောင် ၉ ဦးကို ဗြိတိန်နဲ့ ကနေဒါ ဒဏ်ခတ်အရေးယူ စစ်အာဏာသိမ်းပြီးနောက်တရက် ဖေဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: MRTV

တပ်မတော်ထိပ်တန်းခေါင်းဆောင် ၉ ယောက်ကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကနေဒါနဲ့ ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ်တွေ အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရမယ်လို့ အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနိုင်ငံတို့က တောင်းဆိုတဲ့အတိုင်း ဂျပန်နိုင်ငံကလည်း သဘောတူတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တယ်လီဖုန်းနဲ့ စကားပြောဆိုပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံကိုထောက်ပံ့ဖို့ သဘောတူထားတဲ့ အကူအညီတွေကို ရပ်စဲပစ်လိုက်ပြီလို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၈ သန်း တန်ဖိုးရှိတဲ့ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နဲ့ သမုဒ္ဒရာ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေအတွက် ထောက်ပံ့ဖို့ သဘောတူထားတဲ့ ငွေတွေကို ရပ်စဲလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။