ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိ
လာမယ့်ရက်ပိုင်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီတချို့က ရခိုင်ပြည်နယ်က ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။
-
နေမျိုးထွန်း
2020-06-23 -
-
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံးတို့ လာမယ့်ဇွန်လ ၂၆ ရက်နေ့ မှာ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်ကျင့်ဝတ် Code of Conduct ကို လက်မှတ်ထိုးဖို့နဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားတယ်လို့ ပါတီခေါင်းဆောင် တွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတချို့က ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။
တွေ့ဆုံမယ့်အကြောင်းအရာခေါင်းစဉ် တိတိကျကျမပါတာကြောင့် တွေ့ဆုံမှုပေါ်မူတည်ပြီး ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးသွားဖို့ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ကော်မရှင်အနေနဲ့ ဘယ်လိုပုံစုံလုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးသွားဖို့ရှိတယ်။ ပြီးရင် တိုက်ပွဲကြောင့် ရွေးကောက်ပွဲလုပ်လို့မရဘူးဆိုရင် တိုက်ပွဲ အရှိန်ကို လျှော့ချနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ရင် ရွေးကောက်ပွဲလုပ်လို့ရပါတယ်။ အဲဒါကြောင့် UEC အနေနဲ့ ဘာ တွေကြိုးစားနေတယ်ဆိုတာကို ကျွန်တော်တို့က အခွင့်ရသလို မေးမြန်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက တချို့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ တိုက်ပွဲ တွေဖြစ်ပွားနေသလို တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေနဲ့ ဖမ်းဆီး ခံရတာ၊ ပျောက်ဆုံးနေတာတွေအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုရင်လည်း ရာထူးတာဝန်တွေကနေ နုတ်ထွက်မှုတွေလည်း ရှိနေပါတယ်။
ရွေးကောက်ပွဲဟာ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်စပ်နေတာကြောင့် ရွေးကောက်ပွဲ ဘယ်နေရာတွေ ဖြစ်လဲဆိုတာတွေကို ဆွေးနွေးခွင့်ရဖို့ မျှော်လင့်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အတွင်းရေးမှူး ဦးမျိုးကျော်က RFA ကို ပြောပါတယ်။
“ရခိုင်မှာ ရွေးကောက်ပွဲ ဘယ်နေရာတွေဖြစ်မယ်ဆိုတဲ့ဟာမျိုးပေါ့ တစ်နိုင်ငံလုံးဖြစ်မလားပေါ့။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တာကိုး။ ကိုယ်ဝင်ပြိုင်ရမယ့်အနေအထားနဲ့ ချင့်ချိန် လို့ရအောင် ပြင်ဆင်လို့ရအောင်ပေါ့။ အခုက တိုက်ပွဲက တော်တော်များများဖြစ်ကြတယ်၊ တိုက်ပွဲမဖြစ် တဲ့နေရာတွေတောင်မှ ရာဇဝတ်မှုတွေ ထူပြောလားတာတွေ့ရတယ်လေ။ ဒီနယ်မြေတွေရဲ့ တည်ငြိမ်အေးချမ်း မှုက အတော်လေး အရေးကြီးလာတယ်။ ရွေးကောက်ပွဲဆိုတာကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ အများကြီးဆက်စပ်တာကိုး။ ဒီဟာတွေလည်း ဆွေးနွေးရမှပေါ့ဗျာ။”
ဒီတွေ့ဆုံမှုကို ANP ပါတီက ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကိုယ်တိုင် တက်ရောက်မှာဖြစ်သလို ALD ပါတီက အတွင်းရေးမှူး ဦးမျိုးကျော်တို့ တက်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ့်ကိစ္စ၊ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိ မရှိနဲ့ ပတ်သက်လို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို RFA ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်ပဲဖြစ်ဖြစ်၊ ဘယ်ပြည်နယ်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှပ်ထားခဲ့တာဟာ မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်တဲ့အခင်အကျင်းမျိုး ကြိုးစားဖန်တီးပေးဖို့ လိုတယ်လို့လည်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့မှုနည်းတာတွေ၊ ရွေးကောက်ပွဲရက် တိတိကျကျ မကြေညာနိုင်တာတွေအတွက် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီခေါင်းဆောင်တွေက အားမရဘဲ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်ကတော့ အခုလို ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုများများလုပ်ပေးနိုင်ဖို့ တောင်းဆိုပါတယ်။
“နိုင်ငံရေးပါတီတွေနဲ့ တွေ့ဖို့ကိစ္စကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ ဒါကောင်းတဲ့ကိစ္စပဲ ဒီထက်လည်း ပိုပြီးတွေ့စေချင်တယ်။ အစည်းအဝေးတစ်ခုမှာ ပြဿနာတွေ အားလုံးပြေလည်သွားမယ်လို့ မယူဆဘူး။ လိုလားချက်တွေ ပြောခွင့်ရမယ် ပါတီပေါင်းကလည်း ၉၀ ကျော်လောက်ရှိတာကိုး။ ဒါမျိုးကို ခပ်စိပ်စပ်နဲ့ သေချာ ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ရင် နိုင်ငံရေးပါတီတွေရဲ့ စိုးရိမ်နေတာတွေ လျှော့သွားမယ်လို့ ယူဆ ပါတယ်။”
လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပေမဲ့ တိုက်ပွဲတွေရှိနေတဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေနဲ့ ဝ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ အခြေအနေကို တိုင်ပင်ဆွေးနွေးနေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က ပြောကြားထား ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ နှစ်လနဲ့ ၂၄ ရက်အလိုမှာ ကြေညာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ လေးလအလိုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။