တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များနဲ့ ဝန်ကြီး ဦးအောင်မင်း တွေ့ဦးမည်


2013.12.23
uaungmin-305 မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်ချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုတွေ့ရစဉ်
photo: RFA/ Kyaw Myo Min

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၂၉  ရက်နေ့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ အဲဒီလို တွေ့ဆုံဆွေးနွေးမှာနဲ့ ပတ်သက်ပြီး NCCT အဖွဲ့က ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို အတည်ပြုပြောဆိုပါတယ်။

"သူတို့လာမယ်ပြောတယ်၊ တကယ်လာမှာက ၂၆ ရက်နေ့ကတည်းက လာမယ်၊ ဒါပေမဲ့ ဘုရားဖူး၊ အနားယူ၊ အပန်းဖြေ၊ ကျနော်တို့ကိုကတော့ ၂၉  မှ တွေ့မယ်။ တွေ့သော်လည်းပဲ အလွတ် သဘောတွေ့မယ်၊ ဆွေးနွေးတဲ့ဟာကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်လေ၊ အဲ့စာချုပ်ရေးနေတာ၊ ဟိုး လိုင်ဇာ၊ မြစ်ကြီးနားမှာ ရေးတယ်၊ အဲ့ဒါကို ပြန်ရေးတယ်၊ ရေး ပြီးတာနဲ့နောက် ရန်ကုန်ကို သွားပြတယ်၊ ဟိုက တချို့သဘောထားပြန်ပေးတယ်၊ ပြန်ရေးတယ်၊ ၂၉  ရက်နေ့ ပြန်ပြမယ်၊ ပြီးရင် လောခီးလာမှာ ပြန်ရေးမယ် မပြီးတတ်သေးဘူး၊ ဘယ်လိုမှ ပြလို့လည်း မရသေးဘူး။ ရှုတ်ရှက်ခတ်နေတယ်"


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆုံး သဘောတူထားတဲ့အချက်တွေကို ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ကို ပြန်ပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲကို ဝန်ကြီး ဦးအောင်မင်းနဲ့အတူ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတချို့ လိုက်ပါလာမယ်လို့ သိထားရပေမဲ့ ဘယ်သူဘယ်ဝါ ပါဝင်ကြမယ်ဆိုတာကိုတော့ အတိအကျပြောဆိုဖို့ ခက်နေသေးကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။