အစိုးရဝန်ကြီးဌာနတွေရဲ့နိုင်ငံ တကာ ကူညီငွေ အလွဲသုံးစားမှု သူရ ဦးအောင်ကို ဝေဖန်
2015.02.24

နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက အကူအညီပေးတဲ့ ချေးငွေ၊ ထောက်ပံ့ငွေတွေကို ရယူသုံးစွဲနေတဲ့ ဝန်ကြီးဌာနတချို့မှာ မသမာမှုတွေ ၊ အလွဲသုံးစားမှုတွေရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။
အစိုးရဝန်ကြီးဌာနတွေရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး သူရဦးအောင်ကိုက လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ RFA မေးမြန်းချက်ကို သူက အခုလို ဖြေကြားခဲ့တာပါ။
"တချို့အပိုင်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ ကျတော့ လေလွင့်ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်လာပါ တယ်၊ တချို့ဆိုရင် ဌာနစရိတ်ဆိုပြီးတော့ ၁ဝ ရာ ခိုင်နှုန်းဖြတ်တာတို့ နောက်အဆင့်ဆင့်ဖြတ်တာနဲ့ ဆိုရင် ဒီထောက်ပံ့ချေးငွေတွေ မြေပြင်ပြည်သူတွေ အပေါ်မှာ အပြည့်အဝ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဝေဖန်ထောက်ပံ့မှုရှိနေပါတယ်၊ ထောက်ပံ့ချေးငွေတွေ အမြောက်အများရရှိခြင်းအားဖြင့် အစိုးရအဖွဲ့ရဲ့ ငွေကြေးအသုံးစရိတ်က အင်မတန်ကြီးမားလာပြီးတော့မှ ငွေအလုံးလိုက်အခဲလိုက် ကိုင်သုံးလိုက်တဲ့အတွက်ကြောင့်မို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိတဲ့လူတွေကြားမှာလည်း ပဲ ငွေကြေးအလွဲသုံးစားမှုတွေ၊ မသမာမှုတွေ ဖြစ်လာလေ့ရှိပါတယ်"
အစိုးရဝန်ကြီးဌာနတချို့အနေနဲ့ နိုင်ငံတကာအကူအညီနဲ့ ချေးငွေတွေကို ရယူသုံးစွဲရာမှာ လေလွင့်ဆုံးရှုံး မှု လျော့နည်းပပျောက်အောင် စစ်ဆေးကြပ်မတ်နိုင်မှု ရှိ မရှိ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်ပြီး နိုင်ငံခြားအကူအညီတွေကို စီမံဆောင်ရွက်နေတဲ့အဖွဲ့ရှိကြောင်း အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စတင်ချိန်ကစလို့ ဒီကနေ့အထိ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေထံက ပေးအပ်တဲ့ချေးငွေနဲ့ အထောက်အပံ့ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ရှိနေပြီဖြစ်ကြောင်း၊ သုံးစွဲခွင့်များများရရှိတဲ့ဝန်ကြီးဌာနတွေမှာ လေလွင့်မှုပိုများကြောင်းလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က ပြောပါတယ်။ သူရဦးအောင်ကိုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ ယခင်စစ်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီ ဥက္ကဌ သူရဦးအောင်ကို ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။