`မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ` ဆိုတဲ့ အဲဒီဆောင်းပါးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စ ပီလေး ရဲ့ မြန်မာပြည် ရွေးကောက်ပွဲအပေါ် လွတ်လပ်မျှတမှု ရှိမရှိ ကမ္ဘာက စောင့်ကြည့်ရမယ်လို့ မကြာခင်က ပြောဆိုခဲ့တာဟာဖြင့် မြန်မာပြည် ပြဿနာရဲ့အဖြေမဟုတ်တဲ့ အဲဒီရွေးကောက်ပွဲဟာ အရေးကြီးသယောင်၊ တစုံတရာ စောင့်ကြည့်ထိုက်သယောင် သဘောဆိုက် နေတဲ့အတွက် မိမိတို့ စိတ်မကောင်းကြောင်း ရေးသားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က ဒီမိုကရေစီပါတီတွေအပေါ် တဖက်သတ် ဖိနှိပ်နေတဲ့ လက်ရှိ အခြေအနေတွေကို ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်ဟာလည်း အစိုးရဖွဲ့ခွင့်၊ စစ်ရေးကိစ္စ ဆုံးဖြတ်ခွင့်၊ သမတက ခန့်အပ်လိုက်သူတွေ၊ ဘတ်ဂျက် ခွင့်ပြုချက်တွေအပေါ် ငြင်းဆို ကန့်ကွက်ပိုင်ခွင့်စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ မရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ် ကြောင်း၊ ဒီမိုကရေစီဘက်သား ပါတီတွေက အမတ်တွေဟာလည်း ဒီလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခဲယဉ်းကြောင်း၊ ကံကောင်း ထောက်မလို့ နိုင်ခဲ့ရင်လည်း ဒီလိုလွှတ်တော်မျိုးမှာ သူတို့ အသံမကျယ်နိုင်ကြောင်း၊ ဒီတော့ ဒီလို ရွေးကောက်ပွဲမျိုးကို နိုင်ငံတကာက အရေးစိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသေးသလား လို့ ဦးဝင်းတင်က မေးခွန်း ထုတ်လိုက်ပါတယ်။
ဆက်လက်ပြီး - ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လိုက်တာကို မြန်မာပြည်သူ သန်းပေါင်းများစွာက ထောက်ခံကြပေမဲ့ အကြောင်းမလှစွာပဲ ဥရောပနိုင်ငံ တချို့က မြန်မာပြည်မှာ ရွေးကောက်ပွဲက လွဲပြီးတခြား ရွေးစရာမရှိလို့ ယူဆကြပြီး ရွေးကောက်ပွဲ ဝင်ရေး အားပေးနေကြကြောင်း၊ ရွေးကောက်ပွဲဟာ အဖြေမဟုတ်။ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကသာ နိုင်ငံ့အဖြေဖြစ်ကြောင်း၊ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးဆီ ရောက်လာအောင် ပြည်တွင်းက ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေ၊ ပြည်ပဖိအားတွေနဲ့ တွန်းပို့နိုင်အောင်သာ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းစာမှာ ဦးဝင်းတင်က ရေးသားခဲ့ပါတယ်။
[ An Election Not Worthy of Support By Win TinOpens in new window ]