သမ္မတဦးဝင်းမြင့် တောင်ငူထောင် ပြောင်းရွှေ့ခံရကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေပြော
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အရင်ထိန်းသိမ်းထားတဲ့ နေပြည်တော်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2023-01-18 -
-
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အရင်ထိန်းသိမ်းထားတဲ့ နေပြည်တော်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ကတည်းက တောင်ငူအကျဉ်းထောင်ကို လုံခြုံရေးတင်းကျပ်လိုက်ပြီး အဲဒီနေ့မှာပဲ ဦးဝင်းမြင့် အကျဉ်းထောင်ကို ရောက်ရှိလာတာလို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှာ ပြီးသွားတဲ့ အကျဉ်းထောင်တွင်း အဆောက်အအုံအသစ်မှာ ထားတယ်လို့ တောင်ငူ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့ကို အခုဆောက်ပြီးသား အဆောင်သစ်တစ်လုံးမှာ ထားထားတယ်လို့ကြားတယ်။ လုံခြုံရေးအင်အားကလည်း အရင်ကနဲ့ မတူတော့ဘူး ချထားတာ။ သောကြာနေ့မှာ အကျဉ်းဦးစီးက လူကြီးရောက်တယ်။ ထောင်ရဲ့ အခြေအနေ လာကြည့်တာ ဖြစ်နိုင် တယ်။ အဲဒါပြီးတော့ စနေနေ့မှာ တပ်ရော၊ ရဲရော အင်အားချတယ်။ ဒီနေ့ထိပေါ့”
NLD ပါတီနဲ့နီးစပ်တဲ့ RFA ရဲ့ သတင်းအရင်းအမြစ်ကလည်း ဦးဝင်းမြင့်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က တောင်ငူထောင်ကို ရွှေ့လိုက်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ထိ ဦးဝင်းမြင့်ထံ ထောင်ဝင်စာပို့ဖို့ သတ်မှတ်ထားတဲ့ နေပြည်တော်က ရဲစခန်းတစ်ခုကိုပဲ ထောင်ဝင်စာ သွားပို့ခဲ့တာကြောင့် အဲဒီနေ့ထိ နေပြည်တော်မှာပဲရှိတယ်လို့သာ သိထားကြောင်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။
သမ္မတဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံရပြီး အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါ တယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်ထဲမှာ ဆက်ရှိနေတယ် လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။