သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ
2012.08.09

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အစ္စလာမ် ဘာသာဝင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အဖွဲ့ကိုယ်စား လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အသိုင်းအဝိုင်း နှစ်ခုကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေကို တူရကီ နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် အခုလို လာရောက် စုံစမ်း လေ့လာတာဟာ အရေးကြီးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို မှန်မှန်ကန်ကန် တင်ပြ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာ မူဆလင်လူငယ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ကတော့ အကောင်းဘက်ကပဲ မြင်ပါတယ်ခင်ဗျ။ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်က လာမယ်ဆိုရင် သူတို့မျက်မြင် အခြေအနေကို ထိတွေ့ပြီး ခံစားပြီးတော့ ဆုံးဖြတ်ပြီးတော့ နိုင်ငံတော်ကို တုံ့ပြန်ပြီး ပြောပြတာ ပိုပြီးတော့ ကျွန်တော့် အနေနဲ့ ပိုကောင်းမယ်လို့ ထင်ပါတယ်ခင်ဗျ"
အလားတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောကလည်း ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက် စုံစမ်းတာကို ကြိုဆိုကြောင်း ပြောပါတယ်။
"ကျွန်တော်တို့က လာကြည့်တာ ဘယ်သူမဆို လာကြည့်စေချင်တယ်။ ကျွန်တော်တို့က အဲဒီ မူဆလင် comunity လည်း တွေ့စေချင်သလို ရခိုင် comunity က တကယ့် ရခိုင်နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့စေချင်တယ်။ အဲဒီအခါမှ တကဲ့ Reality ကို မျှမျှတတ သိနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘာလို့လည်းဆို အခုဟာက နိုင်ငံတကာ မီဒီယာလောကမှာ ကကျတော့ တော်တော့်ကို တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ အဲတော့ ကျွန်တော်ကတော့ ရခိုင်ကို ဘယ်သူပဲလာလာ လာတယ်ဆိုရင် ကောင်းပါတယ်။ ကြိုဆိုပါတယ်"
တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန်တွေကို ကိုယ်တိုင် ကိုယ်ကျ လေ့လာမယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ တူရကီ ဝန်ကြီးချုပ်ကတော်နဲ့ သမီးဖြစ်သူတို့လည်း လိုက်ပါလာပါတယ်။
ဒါအပြင် တူရကီ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် အဆင့်မြင့်ဆုံး သံတမန်အဖွဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်က ရရှိတဲ့ အချက်အလက်တွေကို လာမယ့် OIC အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတွေကို ပြန်လည်တင်ပြမယ်လို့ သိရပါတယ်။