သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်
2012.12.25

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့အကြိမ် (၂၀) မြောက် အာဆီယံ အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က အိန္ဒိယစက်မှု လုပ်ငန်းရှင်များအသင်းက တည်ခင်းတဲ့ဧည့်ခံပွဲမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်တွေကို ပြုပြင်ခဲ့ပြီး၊ ဘဏ်လုပ်ငန်းတွေ တိုးတက် ကောင်းမွန်လာတဲ့အပြင်၊ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေနဲ့ ပြန်လည် ဆက်ဆံနေပြီဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကိုလည်း လွှတ်တော်က အတည်ပြုပြီး ဖြစ်လို့ ရင်းနှီးမြှုပ်နှံသူတွေဟာ အခွန်အခဆိုင်ရာ အခွင့်အရေးတွေ၊ ပိုင်ဆိုင်မှု နဲ့ အကျိုးအမြတ်တွေအတွက် အကာအကွယ်တွေ ရရှိမှာဖြစ်ကြောင်း၊ ဥပဒေအရခွင့်ပြုတဲ့ လုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေက နိုင်ငံခြား မတည်ငွေ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံနိုင်တဲ့အပြင်၊ ဖက်စပ်လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ ရောင်းချ၊ လဲလှယ်၊ လွှဲပြောင်းတာတွေကိုလည်း တည်ဆဲဥပဒေနဲ့အညီ လုပ်ခွင့်ရှိပြီး၊ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့လည်း အစုရှယ်ယာတွေကို မည်သူ့ကိုမဆို အပြီးအပိုင် လွဲပြောင်း ရောင်းချ နိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း မဖွံ့ဖြိုးသေးတဲ့နေရာတွေ၊ ဆက်သွယ် သွားလာရေးခက်ခဲတဲ့ နေရာတွေမှာ ရင်နှီးမြှုပ်နှံလုပ်ကိုင်သူတွေကို အခွန်ကင်းလွတ်ခွင့်ကာလနဲ့ သက်သာခွင့်ကာလတွေပိုပြီး ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက စီမံကိန်းကြီးတွေဖြစ်တဲ့ ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါ ရေနက် ဆိပ်ကမ်းတွေနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွေမှာ ရင်နှီးမြှုပ်နှံဖို့ဖိတ်ခေါ်ကြောင်း၊ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍမှာလည်း မတို့မထိရသေးတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ရှာဖွေ တူးဖေါ်ထုတ်ယူရေး လုပ်ကွက် တွေ အများအပြား ရှိနေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့အတွက် ဆက်သွယ်ရေးပေါင်းကူးအနေနဲ့ ဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။