ဂျာနယ်ကျော် ဦးချစ်မောင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲ
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာ ဂျာနယ်ကျော် ဦးချစ်မောင် နှစ်တရာပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ ကုန်သည်လမ်း၊ စာပေဗိမာန် အဆောက်အဦနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2012-01-01 -
-
-
ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခန်းမမှာ ကျင်းပတဲ့ ပွဲမှာလည်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ သတင်းစာဆရာကြီး ဦဝင်းတင်နဲ့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူတို့က ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်း အမှတ်တရ ဖြစ်ရပ်တွေကို ပြောကြားခဲ့ကြပါတယ်။
သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ ၁၉၁၂ ခုနှစ်က မွေးဖွားခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်ဟာ လက်ပံတန်းမြို့ အထက်တန်းကျောင်းက ဆယ်တန်းအောင်ပြီး အနော်ရထာ သတင်းစာတိုက်မှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့အလင်း သတင်းစာတိုက်မှာ ညအယ်ဒီတာ လုပ်ကိုင်ရင်း အယ်ဒီတာချုပ် ဖြစ်လာသူပါ။ ၁၉၃၉ ခုနှစ်မှာ မြန်မာ့အလင်းက နှုတ်ထွက်ပြီး ‘ဂျာနယ်ကျော်’ အမည်နဲ့ ဂျာနယ်တစ်စောင် ထုတ်ဝေခဲ့ပါတယ်။
မြန်မာလူမျိုးတွေ မျိုးချစ်စိတ်ဓာတ် မွေးမြူရေးနဲ့ လွတ်လပ်ရေး ရရှိဖို့ ကြိုးပမ်းကြဖို့ ဆော်သြတဲ့စာတွေ၊ နယ်ချဲ့အစိုးရ အပေါ် ဝေဝဖန်တဲ့စာတွေ ရေးသားခဲ့ပါတယ်။ ဂျပန်ခေတ်အတွင်း လျှို့ဝှက် မြေအောက်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ မှာ ဗဟိုဦးစီး အဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ စတဲ့ တာဝန်တွေ ဆောင်ရွက်ခဲ့ပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင်ဟာ ၁၉၄၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့အကြောင်းကို ဇနီးဖြစ်သူ ဂျာနယ်ကျော်မမလေးက “သူလိုလူ” ဆိုတဲ့စာအုပ် ရေးသားခဲ့ရာမှာ အထူး လူကြိုက်များ ထင်ရှားခဲ့ပါတယ်။