ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပိုထည့်လို့ ဂျာနယ်ထုတ်ဝေခွင့် ယာယီအပိတ်ခံရ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးက သတ်မှတ်ထားထာထက် ပိုမို ဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ် နှစ်စောင်ကို မနေ့က နေပြည်တော်အမိန်နဲ့ ဆိုပြီး သက်ဆိုင်ရာက သီတင်းသုံးပတ်စီ ရပ်နားခိုင်းလိုက်တယ်လို့ ဂျာနယ် တာဝန်ခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

ရပ်နားခိုင်းလိုက်တဲ့ ဂျာနယ်တွေကတော့ ဒီအပတ် ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို မျက်နှာဖုံး အပြည့်တင်ပြီး ဆောင်းပါးရေးသားခဲ့တဲ့ 7 Days ဂျာနယ် နဲ့ Hot News ဂျာနယ်တို့ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ First Eleven အားကစားဂျာနယ်က 'စု လွတ်ပြီ၊ မျှော်လင့်ချက် အရယူနိုင်ဖို့ စည်းလုံးကြ' လို့ အဓိပ္ပါယ် ကောက်နိုင်တဲ့ အင်္ဂလိပ်စာသားတွေ ဖော်ပြခဲ့လို့ထုတ်ဝေခွင့် နှစ်ပတ် ရပ်နား အပြစ်ပေးအပြီးမှာ အခု ဂျာနယ်နှစ်စောင်ကို သုံးပတ်စီ ရပ်နားခိုင်းခဲ့တာမို့ ဒီတပတ် အတွင်းမှာဘဲ စစ်အစိုးရ စာပေစိစစ်ရေးက ရပ်နားလိုက်တဲ့ ဂျာနယ် သုံးစောင် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျာနယ် ထုတ်ဝေခွင့် မရပ်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းကို လိုအပ်တာထက် ပိုထည့်တယ် ဆိုပြီး မြန်မာပိုစ့် အပါအဝင် ဂျာနယ် အများအပြားလည်း ပြင်းပြင်းထန်ထန် သတိပေး ခံခဲ့ရတယ်လို့ ရန်ကုန်မြို့က မီဒီယာသမားတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းဟာ ပြည်သူတွေအကြား ရေပန်း အစားဆုံး သတင်းဖြစ်နေပြီး သတင်းပါတဲ့ ဂျာနယ်ကို အလုအယက် ဝယ်ယူတာကြောင့် စာပေစိစစ်ရေးက တားထားတဲ့ ကြားကပဲ ဂျာနယ်သမားတွေက ထည့်ကြတာလို့ ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းက ပြောကြပါတယ်။