ထီးချိုင့်မြို့နယ်က ရွာနှစ်ရွာ မီးရှို့ခံရ
2023.03.30

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ဆတ်ပြေးနဲ့ ညောင်ပင်သာရွာတွေကို မတ်လ ၂၈ ရက်နဲ့ ၃၀ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစီးနင်းပြီး နေအိမ်တွေကို မီးရှိုခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက RFA ကို ပြောပါတယ်။
မတ်လ ၂၇ ရက်က အင်အား ၁၀၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကမ်းနီရွာကိုစီးနင်းခဲ့ပြီး နောက်တစ်နေ့ မတ်လ ၂၈ ရက်နေ့လယ်မှာ ဆတ်ပြေးရွာကို စစ်ကြောင်းထိုးလာပြီး နေအိမ် ၆၀ နီးပါးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်ခြေ ၁၀၀ ကျော်ရှိတာ တစ်ဝက်ကျော်ကျော်လောက် မီးရှို့ခံရတာပေါ့။ အခုစစ်ကြောင်း ပြန်ထွက်သွားတော့ ရွာထဲပြန်ဝင်နေကြပြီ။ မီးမရှို့ခံရတဲ့အိမ်တွေတော့ ကိုယ့်အိမ်ကိုနေကြတာပေါ့။ မီးရှို့ခံရတဲ့အိမ်တွေကျတော့လည်း တဲထိုးပြီးနေရတာ”
ကမ်းနီရွာကနေ စစ်ကြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား ဆတ်ပြေးနဲ့ ဆတ်ကျကျွန်းရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။
ဆတ်ပြေးရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ်လ ၃၀ ရက်ဒီကနေ့ မနက်ပိုင်းမှာ ညောင်ပင်သာရွာကို မီးရှို့နေတယ်လို့ အဲဒီအနီးရောက်နေတဲ့ မျက်မြင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ညောင်ပင်သာရွာမှာ အိမ်ခြေ ၈၀၀ နီးပါးနဲ့ ရဲစခန်း၊ အထက်တန်းကျောင်းနဲ့ တိုက်နယ် ဆေးရုံရှိတဲ့ ရွာကြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
မျက်မြင်တွေ့ရသလောက် တစ်ရွာလုံးနီးပါးလောင်ကျွမ်းနိုင်ပြီး ပျက်စီးမှုအခြေအနေ ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက် မဟုတ်ဘဲ PDF တွေကသာ လုပ်နေတာလို့ ယခင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲက နေအိမ် ၄၇,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။