ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စုထဲက အလယ်ကျွန်း မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် နှစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၂၁ ရက်နေ့ မနေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က အလယ်ကျွန်းမွတ်စလင်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ရှစ်နှစ်အရွယ် ယောကျာ်းလေး တစ်ယောက်နဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွာထဲကို လက်နက်ကြီးကျည် ကျရောက်တာ မှန်ကန်ကြောင်း အလယ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှထွန်းက RFA ကို အတည်ပြုပြောပါတယ်။
ဒေသခံတွေက လက်နက်ကြီးကျည်ကျရောက်တယ်လို့ ပြောပေမယ့် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း ငြင်းဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း တိုက်ပွဲဖြစ်တာမရှိသလို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာမရှိကြောင်း ငြင်းဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ပွဲကာလအတွင်း သေဆုံးသူ အရပ်သား ၄၀ နီးပါးအထိ ရှိလာနေသလို ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော်အထိ ရှိလာနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။