ပလိပ်ချည်မျှင်စက်ရုံ ဆန္ဒပြလုပ်သားနှစ်ဦး ကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်

ပလိပ်ချည်မျှင် အထည်စက်ရုံ အလုပ်သမား တစ်ထောင် နီးပါးဟာ ခွင့်ရက်နဲ့ လစာတိုးပေးဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ က မန္တလေးမြို့မှာ တောင်းဆိုဆန္ဒပြစဉ်
ပလိပ်ချည်မျှင် အထည်စက်ရုံ အလုပ်သမား တစ်ထောင် နီးပါးဟာ ခွင့်ရက်နဲ့ လစာတိုးပေးဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ က မန္တလေးမြို့မှာ တောင်းဆိုဆန္ဒပြစဉ် (Photo: Nay Thwae/RFA)

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည် မျှင်နဲ့ အထည်စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေထဲက နှစ်ဦးဟာ ကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်သွားပါတယ်။

အဲဒီအလုပ်သမား နှစ်ဦးဟာ ကျန်းမာရေးမကောင်း တဲ့ကြားက သပိတ်စခန်းမှာ ဆန္ဒပြနေတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးလှကို က ပြောပါတယ်။

"ကျန်းမာရေးမကောင်းလည်း ကိုယ့်ရဲ့တောင်းဆို ချက်တွေ မရမချင်း သေချင်သေသွားပါလေ့စေ ဒီထဲမှာပဲ ဆက်တိုက်မယ်ပြောတယ်၊ ပြောတဲ့ အခါကျတော့ တားလို့မရတာနဲ့ မှေးပြီးနေခိုင်း လိုက်တယ်၊ ဒီတစ်ရက် နှစ်ရက်လောက်ပဲရှိသေးတယ်၊ အိမ်ပြန်ပြီးနားတာ၊ ခုဆုံးသွားတာပေါ့နော်၊ စိတ်ပင်ပန်းတာတွေလည်းပါမှာပေါ့၊ နောက်ပြီး ထိုင်လာတဲ့အခါကျတော့ အောက်ကကတ္တရာလမ်းနဲ့ဆိုတော့ အအေးပတ်တာတွေလည်းပါတယ်လေ"

ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမားတစ်ထောင်လောက်ဟာ လုပ်သက်ခွင့်၊ ဆေးခွင့်နဲ့ တစ်ပတ် နားရက်နှစ်ရက်ရရှိဖို့အတွက် စက်ရုံရှေ့မှာဆန္ဒပြနေတာ နှစ်လကျော်ကြာပြီဖြစ်ပါတယ်။ အဲဒီစက်ရုံကို အမှတ် ၁ စက်မှုဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ Panda Textile ကုမ္ပဏီထံ လွဲှပြောင်းပေးလိုက်တာဖြစ်ပါတယ်။

ကုမ္ပဏီထံ လွှဲပြောင်းပြီးနောက်မှာ အဲဒီကုမ္ပဏီက ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်အသစ်ကို လက်မခံနိုင်တာကြောင့် အလုပ်သမားတွေက စာချုပ်ကိုလက်မှတ်မထိုးကြဘဲ ဆန္ဒပြနေတာဖြစ်ပါတယ်။