အထူးထိမ်းမြားခြင်းနဲ့ တစ်လင် တစ်မယားစနစ် ဥပဒေကြမ်းတွေ လွှတ်တော်မှာ တင်သွင်း


2015.01.22
parliament-305.jpg လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
photo: RFA/ Win Naung Toe

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ ဆန့်ကျင် ကန့်ကွက်ထားတဲ့ မျိုးစောင့်ဥပဒေကြမ်းတွေထဲက "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း" နဲ့ "တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း" တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က အဲဒီ့ဥပဒေတွေရဲ့ ရည်ရွယ်ချက်ကို ပြည်သူ့ လွှတ်တော်မှာ အခုလို တင်ပြခဲ့ပါတယ်။

"ဥပဒေနဲ့အတူ ထိမ်းမြားလက်ထပ်ကြတဲ့ လင်နဲ့မယား တို့က တစ်ဦးအပေါ်မှာတစ်ဦး သစ္စာရှိစွာဖြင့် သာယာ ချမ်းမြေ့တဲ့အိမ်ထောင်ကို တည်ဆောက်နိုင်စေရန်၎င်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ မယားပြိုင်အဖြစ်ရောက်ရှိခြင်းမှ ကာကွယ်ရန်နှင့် အမျုးိသားများက မယားအများအပြားယူခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန် ရည်ရွယ်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြုစုရေးဆွဲခဲ့ပါတယ်"

"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း" နဲ့ "လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" တို့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမျိုးသားလွှတ်တော်မှာ ဒီလ ၁၉ ရက်နေ့က တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်း ၄ ခုကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတထံ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တချို့ရဲ့ သဘောထားအမြင်တွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။