အမျိုး ဘာသာဆိုင်ရာ ဥပဒေကြမ်းနှစ်ခု လွှတ်တော် တင်သွင်း
2015.01.19

"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်း" နဲ့ "လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" ၂ ခု ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အမျိုးသားလွှတ်တော် မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်း ထွန်းဦးက အဲ့ဒီဥပဒေကြမ်း ၂ ခုကို အမျိုးသားလွှတ်တော် က ဆွေးနွေးအတည်ပြုပေးဖို့ အခုလို တင်ပြခဲ့ပါတယ်။
" ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အနေနဲ့ ဖွဲ့စည်း ပုံအခြေခံ ဥပဒေနဲ့ဆန့်ကျင်မှုမရှိဘူး၊ တည်ဆဲဥပဒေ များနဲ့ ညီညွတ်စေဖို့ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိပြီး ကျင့်သုံး နိုင်စေဖို့ အများပြည်သူ နဲ့ နိုင်ငံတကာလက်ခံနိုင်ဖို့ မည်သည့်ဘာသာကိုမျှ ထိခိုက် နစ်နာမှုမရှိစေဘဲ မျှတသောဥပဒေဖြစ်စေဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်၊ တင်ပြပါဥပဒေကြမ်းကို လွှတ်တော်ကို တင်သွင်းရန် ပြည်ထောင်စု အစိုးရအဖွဲ့ကလဲ ခွင့်ပြုပြီးဖြစ်ပါတယ်၊ အမျိုးသားလွှတ်တော်က ဆွေးနွေးဆုံးဖြတ်ပေးနိုင်ပါရန် အဆိုတင် သွင်းအပ်ပါတယ်"
အဲ့ဒီဥပဒေကြမ်း ၂ ခုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား တောင်းခံရာမှာ "ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း "ကို တိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ကန့်ကွက်ခဲ့တဲ့ ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ဘာသာကူးပြောင်းဖို့အတွက် အဆင့် ဆင့် စစ်ဆေးမေးမြန်းခံရမယ်ဆိုတာ မဖြစ်သင့်ကြောင်း အခုလိုပြောပါတယ်။
" ဒီဘာသာကို ဟိုဘာသာကိုးကွယ်မှ၊ ဒီဘာသာကိုးကွယ်မှ အခွင့်အရေးရမယ်ဆိုတာ မျိုးကမလိုဘူး၊ အမှန် ဆိုလေ၊ ကျနော်တို့က လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ရှိသည်ဆိုရင် ပြီးပြီ၊ ကြိုက်တဲ့ဘာသာကို လွတ် လွတ်လပ်လပ်ဖော်ပြရုံလောက်နဲ့ ပြီးတဲ့ကိစ္စကို အဆင့်ဆင့်ဖြတ်သန်း ရမယ်ဆိုရင်တော့ ဒါစိုးရိမ်စရာဖြစ်လာ တယ်ပေါ့နော်၊ ဒါကြောင့် ဒီဥပဒေတွေက ပြဌာန်းဖို့မလိုဘူးလို့ထင်တာပဲ"
"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို ထောက်ခံသူ ၁၈၇ ဦး ရှိတာကြောင့် အမျိုးသား လွှတ်တော်မှာဆွေးနွေးဖို့ အတည်ပြုလိုက်သလို "လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" ကိုလည်း ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ အတည်ပြု လိုက်ပါတယ်။
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း"၊ "လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း"၊ "မြန်မာဗုဒ္ဒဘာသာဝင်မိန်းကလေး များ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း" နဲ့ "တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း" ၄ ခုကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်း ၄ခုကို အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
အဲ့ဒီ ဥပဒေကြမ်းကို ကန့်ကွက်သူ ကိုယ်စားလှယ် ၆ ဦးထဲက တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။