မွန်ပါတီနှစ်ခု ပူးပေါင်းဖို့ သဘောတူညီမှု ရရှိ


2013.11.22
mon-party-combine-305.jpg မွန်ပါတီနှစ်ပါတီ ပေါင်းစည်းနိုင်ဖို့အတွက် မော်လမြိုင် မြို့ ဈေးကြို ရပ်ကွက်မှာရှိတဲ့ ဓါတုမာလာ ဘုန်းတော် ကြီးကျောင်းမှာ နိုဝင်ဘာ လ ၂၂ ရက်နေ့က ပါတီနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးစဉ်
Photo: RFA

မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဒီကနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ပါတီနှစ်ပါတီ ပေါင်းစည်းနိုင်ဖို့အတွက် မော်လမြိုင်မြို့  ဈေးကြိုရပ်ကွက်မှာရှိတဲ့ ဓါတုမာလာ ဘုန်းတော်ကြီးကျောင်းမှာ ပါတီနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး ခုလို ပါတီပေါင်းစည်းဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ဒီလို ပေါင်းစည်းနိုင်တာဟာ မွန်အမျိုးသား ညီညွတ်ရေးအတွက် အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ ဦးနိုင်တင်အောင်က RFA ကိုပြောပါတယ်။

“၂ နှစ်လောက် အချိန်ယူပြီး ညှိနှိုင်းခဲ့ကြတယ်၊ ပါတီပေါင်းစည်းဖို့၊ ဒီနေ့တော့ အောင်မြင် သွားပြီ၊ ပေါင်းစည်းရေးကော်မတီကို ဖွဲ့စည်းနိုင်တယ်၊ လုံးဝ တစ်ရာရာခိုင်နှုန်း ပေါင်းစည်းသွားပြီ၊ ဒါက ကျနော်တို့ မွန်အမျိုးသားရေးမှာ ဒါကအင်မတန်ကြီးမားတဲ့ ပြောင်းလဲမှု အောင်ပွဲတစ်ရပ်ပါ၊ ပေါင်းစည်းမှုမရှိဘူးဆိုရင် မွန်အမျိုးသား ညီညွှတ်ရေးကို မတည်ဆောက်နိုင်ဘူး၊ အခု မွန်အမျိုးသား ညီညွှတ်ရေးကို တည်ဆောင်နိုင်တယ်”

မွန်နိုင်ငံရေးပါတီ နှစ်ခုအနေနဲ့ ခုလိုပေါင်းစည်းနိုင်ဖို့ နှစ်နှစ်ကျော် ဆွေးနွေးခဲ့ရသလို ပါတီတစ်ခုစီက အဖွဲ့ဝင် ၁၅ဦး စီပါဝင်တဲ့ မွန်နှစ်ပါတီ ပေါင်းစည်းရေးကော်မတီကိုလည်း ဒီကနေ့မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပါတီနာမည်ပေးဖို့အတွက် မွန်တိုင်းရင်းသားတွေဆီက သဘောဆန္ဒတွေကို ၁၀ ရက်အတွင်း ကောက်ခံသွားမယ်လို့ သိရပါတယ်။ ဒီကနေ့ ပေါင်းစည်းခဲ့ကြတဲ့ ပါတီနှစ်ပါတီထဲက မွန်ဒီမိုကရေစီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။