လက်ပံတောင်းကြေးနီစီမံကိန်းအနီး နယ်မြေရှင်းလင်းမှုကြောင့် ဒေသခံနှစ်ဦး သေဆုံး

မိုးကြိုးပြင် (မြောက်ရွာ) အား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်
မိုးကြိုးပြင် (မြောက်ရွာ) အား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် (Photo: Lu Nge Khit)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်အစိုးရပိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက တုံရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ဒီနေ့ ပစ်ခတ်စီးနင်း ခဲ့ရာမှာ ရွာထဲက နေအိမ် တစ်လုံးပေါ် လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ရွာသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲမှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကားတွေကို လမ်းပေါ်ထားခဲ့ပြီး ရွာတွေကို ခြေကျင်ဝင်နေတာ။ အကုန်လုံးတော့ ထွက်ပြေးနေကြတယ်။ လက်နက်ကြီးနဲ့ ပစ်လိုက်တာက နွားစာခြံပေါ်ကျသွားပြီး နှစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အဆက်အသွယ်တွေ ပြတ်နေကြတော့ အခြေအနေအတိအကျတော့ မသိရသေးဘူး၊ တချို့ကလည်း ဆားလင်းကြီးမြို့ကို သွားရှောင်နေကြတယ်၊ နီးစပ်ရာ ဘေးလွတ်မယ်ထင်တဲ့ဆီ ရှောင်နေကြရတာ”

အင်အား ၁၀၀ ခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ တရုတ်ကြေးနီစီမံကိန်းကိုကာကွယ်ဖို့ အဲဒီဒေသမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ ဇွန်လ ၂၁ ရက်နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နယ်မြေရှင်းလင်းမှုတွေကြောင့် စီမံကိန်းတည်ရှိရာနေရာအနီးအနားက ဖောင်းက တာ၊ ထန်းပု၊ ထန်းဇင်၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ ဝက်မှေး အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း မိုးကြိုးပြင် (မြောက်ရွာ) ကို စစ်ကောင်စီတပ်က ဝင် ရောက်စီးနင်းခဲ့ပြီး နောက် နေအိမ် ၃၀၀ ခန့် မီးရှို့ခံခဲ့ရသလို PDF တပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိ သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဟာလည်း စွပ်စွဲချက်တွေသာဖြစ်တယ်လို့ အရင်က တုံ့ပြန်ပြောဆိုထားပါတယ်။

တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင် နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဆားလင်း ကြီးနဲ့ ယင်းမာပင်မြို့နယ် PDF အဖွဲ့ ၁၆ ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ သတိပေး ထားပြီးနောက် စစ်ကောင်စီတပ်က စီမံကိန်းနေရာအနီးတစ်ဝိုက်မှာ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။