ကချင်နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်း

မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပါတီနှစ် ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီတို့ဟာ ကချင်အမျိုးသားကွန်ဂရက် ပါတီအမည်နဲ့ ပေါင်းစည်းလိုက်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရုံးချုပ်ကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပါတီနှစ်ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီတို့ဟာ ကချင်အမျိုးသား ကွန်ဂရက် ပါတီအမည်နဲ့ ပေါင်းစည်းလိုက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အခုလိုပါတီ နှစ်ခုပေါင်းစည်းလိုက်တဲ့အတွက် လူထုရဲ့ဆန္ဒမဲတွေ တစ်စုတစ်စည်းတည်း ရှိလာမှာဖြစ်တယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

"ကချင်အမျိုးသားကွန်ဂရက် ကို အမည်ယူပြီးမှ ပါတီနှစ်ပါတီ ဖွဲ့စည်းခြင်းဖြစ်ပါတယ်၊ ကချင်ပါတီ တကွဲတပြားမဖြစ်အောင် စုစည်းလုပ်ခြင်းဖြစ်ပါတယ်၊ စည်းလုံးမှုကိုယူခြင်းလည်းဖြစ်ပါတယ်"

ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ KNCD ဥက္ကဋ္ဌ ဦးခန်ဒါးယော်ကလည်း နှစ်ဖက်ပါတီက ဗဟိုကော်မတီဝင်တွေရဲ့ ဆွေးနွေးသဘောတူညီမှုအရ KNC ပါတီအမည်နဲ့ ပူးပေါင်းလိုက်တာဖြစ်တယ် လို့ ဆိုပါတယ်။

ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပူးပေါင်းနိုင်ဖို့ ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေးကော်မတီက ကြိုးစားနေတာဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ဖေဖော်ဝါရီနဲ့ ဒီဇင်ဘာလတွေမှာ ဆွေးနွေးခဲ့ကြပြီးနောက်မှာ အခု လိုသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားအခြေစိုက် ကချင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ကတော့ ပါတီပူးပေါင်းရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားပါတီ ၃ ခုအပြင် တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီ ၅ ခု တရားဝင်တည်ထောင်ခွင့် ရရှိထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org