မလေးရှား လဝက ထိန်းသိမ်းရေးစခန်းအနီးမှ ကရင်တိုင်းရင်းသား ၂ ဦး အဖမ်းခံရ
2011.04.09

ဒီအကြောင်းကို MKO အဖွဲ့ ဥက္ကဋ္ဌ မန်းးစိန်သန်းက RFA ကို အခုလို ပြောပါတယ်။
“လောလောဆယ် လူ ၂ ယောက် ပါသွားတယ်။ Community ကဒ် လောက်ပဲ ရှိတယ်။ အဆက်အသွယ်ရတယ် ဒါပေမယ့် လဝက ဖမ်းတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်လိုမှ ထုတ်လို့ မရဘူး။ လင်းခေးစခန်းနားမှာတော့ အော်ပရာစီလို့ ခေါ်တဲ့ အော်ပရေးရှင်း ဝင်နေတယ်။ ဒီရက်ပိုင်းအတွင်း တောထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကတော့ ရှောင်နေကြရတာပေါ့”
လင်းခေး လဝက စခန်းအနီး တောအုပ်တွေထဲမှာ စခန်းဖောက်ပြီး ထွက်ပြေးသူ ၈ဝ လောက် ပြန်ပြီး ဖမ်းဆီးမိခဲ့ရာမှာ အများစုကို ဒီတောအုပ်ထဲက ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တောအုပ်ထဲမှာ ရာဘာခြစ် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အတော်များများ ရှိရာမှာ မသင်္ကာသူ၊ စာရွက်စာတမ်း မရှိသူတွေကို ဖမ်းဆီးနေပါတယ်။ MKO အဖွဲ့ဝင် နှစ်ဦးဟာလည်း အဲဒီ အနီးတဝိုက်ကိုသွားပြီး သတင်း စုံစမ်းနေချိန်မှာ အခုလို မလေးအာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။