မူဆယ်မှာ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေ
2023.07.28
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ တီးမားကျေးရွာမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသား နှစ်ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီလောက်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က တီးမားရွာက လူငယ်တွေပေါ့နော်။ ရွာမှာလိုအပ် တာမှန်သမျှ သူတို့ကို အားကိုးရတာပေါ့။ ကချင်နှစ်ခြင်းအသင်းမှာလည်း ပါဝင်ကူညီပေးတာရှိတယ်။ အဲနေ့က ရွာကိုအပြန်မှာ စစ်ကောင်စီတပ်နဲ့တိုးပြီး အဖမ်းခံရတယ်လို့ပဲ သတင်းရတာ။ ဘယ်မှာခေါ်သွားတယ် ဆိုတာလဲ သတင်းမရဘူး”
ပျောက်ဆုံးနေတဲ့ အမျိုးသားနှစ်ဦးဟာ အသက် ၂၅ နှစ်အရွယ် တူးဂျာနဲ့ အသက် ၂၇ နှစ်အရွယ် ဘရမ်အောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မူဆယ် ကချင်နှစ်ခြင်းအသင်းတော် တာဝန်ရှိသူ တစ်ဦးကလည်း ဒီနေ့အထိ ပျောက်ဆုံးနေတဲ့ အမျိုးသားနှစ်ဦး သတင်းလုံး၀ မရသေးဘူးလို့ ပြောပါတယ်။
သူတို့ကို ဖမ်းဆီးသွားတာဟာ စစ်ကောင်စီရဲ့ ဘယ်တပ်ရင်းတပ်ဖွဲ့တွေဖြစ်တယ် ဆိုတာကိုလည်း တိတိကျကျ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။
ရွာသားနှစ်ဦး ပျောက်ဆုံးသွားတဲ့ တီးမားကျေးရွာနဲ့ နမ့်အွမ်ရွာလမ်းပိုင်းမှာ ဇူလိုင်လ ၂၇ ရက် မနေ့က ကိုးကန့် MNDAA တပ်ဖွဲ့ ဝတ်စုံနဲ့ သေဆုံးနေတဲ့ အမျိုးရုပ်အလောင်း နှစ်လောင်း တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် မိသားစုဝင်တွေအကြား စိုးရိမ်နေကြတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိမှာ လုံခြုံရေး အခြေအနေအရ သေဆုံးသူတွေဟာ အဲဒီအမျိုးသားတွေ ဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
တီးမားရွာအနီးမှာ ကိုးကန့်ဝတ်စုံနဲ့ အမျိုးသားနှစ်ဦး ရုပ်လောင်းတွေ့ရှိတာနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
တီးမားရွာသားနှစ်ဦး ပျောက်ဆုံးသွားတဲ့ ဇူလိုင် ၂၅ ရက်နေ့က မူဆယ်မြို့ နမ့်အွမ်ရွာ၊ ဆိုက်ခေါင်ရွာနဲ့ ကောင်းဝိန်းကျေးရွာတွေအနီး လှုပ်ရှားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုက်ခေါင်ရွာက အသက် ၄၀ အရွယ် အိုက်လော ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။
သေဆုံသူအမျိုးသားရဲ့အလောင်းကို ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ခလရ (၂၄၁) နဲ့ ခလရ (၄၅) တပ်ဖွဲ့ဝင်တွေက ယူဆောင်သွားခဲ့ပြီး အလောင်းပြန်မရဘူးလို့ အမည်မဖော်လိုတဲ့ နမ့်အွမ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စအတွက် စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေ ကြားတိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်လာနေပါတယ်။