အင်းစိန် ဗဟိုအကျဉ်းထောင်အနီး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

ရန်ကုန်မြို့ အင်းစိန် ဗဟိုအကျဉ်းထောင်အနီးမှာ ဩဂုတ်လ ၁၂ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
အကျဉ်းထောင် ညွှန်ကြားရေးမှူးရုံးဝင်းရဲ့ အရှေ့တောင်ထောင့်ဘက်က အခုလို ပေါက်ကွဲသံနှစ်ချက် ကြားရ တာလို့လည်း အဲဒီဒေသခံက RFA ကို ပြောပါတယ်။
"သီးသန့်ဆောင်တော့မဟုတ်ဘူးဗျ။ သီးသန့်ဆောင်နဲ့ ဝေးတယ်။ သီးသန့်ဆောင်ဒီဘက်မှာ အရင်တုန်းက ညွှန်ကြားရေးမှူးချုပ်ရုံး ရှိတယ်။ ညွှန်ကြားရေးမှူးချုပ် ရုံးဝင်း အရှေ့တောင်ထောင့်နဲ့ CID ထောင့်ဘက် ပေါ့။ အဲဒီလောက်မှာပါပဲ"
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အင်းစိန်ထောင် အရာရှိတစ်ဦးကို မေးမြန်းကြည့်ရာမှာ ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်တာ မရှိဘူးလို့လည်း သူကပြောပါတယ်။
ဒီဖောက်ခွဲမှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ထောင်အတွင်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသလို မန္တလေး အိုးဘိုထောင်အတွင်းမှာလည်း ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းက ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဩဂုတ်လ ၁၁ ရက် မနေ့က ထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင် က စွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ မတရားအသင်း အက်ဥပဒေပါ ပြစ်မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ အကြည်ညိုပျက်စေမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တရားခံပြေး ပြစ်မှုတွေကို ပိတ်သိမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။