ရွှေကျင်မြို့နယ်မှာ လက်နက်ကြီးကျည်မှန်ပြီး အရပ်သား နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ကဝေါ်မူဒဲကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးခဲ့သည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
ကဝေါ်မူဒဲကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးခဲ့သည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ဘောကထာကျေးရွာအတွင်း စက်တင်ဘာ၂၉ ရက် ညနေပိုင်းက လက်နက်ကြီးကျည် ခုနစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) က ဒီကနေ့ အောက်တိုဘာလ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဘောကထာစခန်းကနေ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၆၀ အရွယ် ဦးပေါက်စနဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ညားမအေးတို့ သေဆုံးခဲ့ တာလို့ KNU က ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာက အရပ်သား ၄,၀၇၇ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က အောက်တိုဘာလ ၂ ရက် ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုဖို့ ငြင်းဆန်ပါ တယ်။

စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ်မှာ စက်တင်ဘာလ ၇ ရက်ကနေ စက်တင်ဘာလ ၂၉ ရက်အထိ ထိုးစစ်ဆင်ခဲ့တာကြောင့် KNU တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ KNU က ပြောပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဟာ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိပါတယ်။

အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၃၇,၇၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။