မြောက်ဦးမှာ လူငယ် ၂၀ ကျော် ပျောက်ဆုံးနေ
2019.12.17
ရခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက ဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချနေတဲ့ လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချနေတဲ့ လူငယ်တွေကို AA က ဖမ်းဆီးသွားတဲ့ထဲမှာ ရပ်ကွက်ထဲက လူငယ်ခြောက်ဦး ပါဝင်သလို မူးယစ်ဆေးသုံးစွဲတာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မိဘအုပ်ထိန်းသူတွေက သိတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြောက်ဦးမြို့ထဲက ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ သူတို့က ULA ကလို့ ပြောတယ်။ ကျွန်တော်တို့ရပ်ကွက် က ဖမ်းသွားတာ အကုန်လုံး ခြောက်ယောက်ပါသွားပါတယ်။ နောက် ကျွန်တော်လေ့လာကြည့်လိုက်တော့ စုစုပေါင်း ၂၄ ယောက်ပါ။ အစိချေ(ဒေသအခေါ်)နဲ့ ဖမ်းသွားတယ်ဆိုတာကို မိဘတွေကလည်း အကုန်လုံး သိပါတယ်။”
AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေဟာ မြောက်ဦးမြို့ အောင်မင်္ဂလာ၊ ဗန္ဓုလ၊ တောင်ရပ်၊ ဆင်ချဆပ်နဲ့ ဘာဘူးတောင် စတဲ့ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ လူငယ်တွေ ဖမ်းဆီးခံရတဲ့ကိစ္စကို မသိသေးကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း RFA ကို ဒီနေ့ညနေမှာပြောပါတယ်။
“မူးယစ်ဆေးဝါးသုံးစွဲပြီးတော့ အကျင့်ပျက်နေတဲ့လူငယ်တွေကိုတော့ ကျွန်တော်တို့ ဒီအကျင့်စာရိတ္တကောင်းမွန် လာအောင်ပေါ့နော် အကောင်းဆုံး ပြုပြင်ထိန်းသိမ်းပေးသွားဖို့အတွက် ဒါအမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်သွားဖို့ ညွှန်ကြားချက်ပေးထားတာတော့ရှိပါတယ်။ အခု မြောက်ဦးက လူငယ်တွေကိစ္စကတော့ ကျွန်တော်တို့ အောက်ခြေကို ပြန်မေးပြီးတော့မှပဲ အတည်ပြုပြောလို့ရမှာပေါ့”
မြောက်ဦးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သူ့ရပ်ကွက်ထဲက လူငယ် နှစ်ဦး ဖမ်းဆီးခံသွားတယ်လို့ ပြောပါတယ်။
“ကျွန်တော့်ရပ်ကွက်က နှစ်ယောက်လောက်တော့ ပါတယ်။ ချုံပုတ်တွေကြားထဲမှာ ဝင်ပြီးတော့ ဆေးသုံးနေတဲ့ အချိန်မှာ ဝင်ဖမ်းတယ်လို့ ပြောတာပဲ။ မိဘတွေက ဆေးသုံးနေတဲ့ သားသမီးတွေကို မထိန်းနိုင်ကြတော့ဘူး။ မထိန်းနိုင်တော့ အဲလို ရခိုင့်တပ်တော် AA က ခေါ်သွားတယ်ဆိုတော့ သူတို့လည်း တအားဝမ်းသာတာပဲ”
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်က မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သတိပေးတဲ့စာ ဓာတ်တိုင်တွေမှာ ကပ်ထားတာတွေ့ရပြီးနောက်ပိုင်း ဖမ်းဆီးမှုတွေဖြစ်လာတာလို့ နောက်ထပ် အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ သိသလောက်ကတော့ သုံးစွဲနေတဲ့သူတွေရော၊ ရောင်းနေတဲ့ဒိုင်တွေရော ပါသွားတယ်လို့ကြား တယ်။ ဒီဟာမတိုင်ခင် မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ဓာတ်မီးတိုင်တွေနဲ့ လူမြင်ကွင်းတွေမှာ စာရွက်တွေကပ်ပြီး သတိပေးတာတော့ တွေ့တယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ဆက်ပြီးတော့ သုံးစွဲပြီးတော့ ရောင်းချနေကြတာတွေ့လို့ သူတို့က အဲလို ဖမ်းဆီးသွားတာပါခင်ဗျ။ အခုကျွန်တော်တို့မြို့မှာ ကြားသလောက်ကတော့ မိသားစုတွေ၊ မြို့ခံ တွေကအစ ဒါလုပ်သင့်တယ်၊ လုပ်ထိုက်တယ်ဆိုပြီးတော့ ပြောနေကြပါတယ်။ မိသားစုတွေကလည်း အဲဒီကို ရောက်သွားတာကောင်းတယ် မိဘတွေ ပြောမရဆိုမရလို့ အဲဒီက ထိန်းတာဆိုပြီးတော့ ပြောနေကြပါတယ်။”
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ပျောက်နေတဲ့ လူအရေအတွက်ကို မသိသေးကြောင်း၊ သူတို့ရဲ့ အုပ်ထိန်းသူတွေကလည်း အကြောင်းကြားမလာသေးကြောင်း ပြောပါတယ်။
“ကျွန်တော်ကတော့ ဒီနေ့ပဲ သတင်းရခဲ့တယ်။ ဒါပေမဲ့ လူအရေအတွက်ကိုလည်း ကျွန်တော်မသိဘူး။ သူတို့ရဲ့ မိဘတွေက ဘယ်သူတွေလဲဆိုတာလည်း ကျွန်တော်မသိဘူး။ သူတို့ရဲ့ မိဘတွေကလည်း ကျွန်တော့်ကို အကြောင်းကြားလာတာမရှိဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။
အလားတူ မူးယစ်ဆေးကိစ္စ တားမြစ်တဲ့ စာတွေကပ်ပြီး သတိပေးမှုကို မြောက်ဦးမြို့မှာ မကပ်ခင် ကျောက်တော်မြို့နယ်မှာ စာကပ်သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီသတိပေးစာလှုပ်ရှားမှုကြောင့် ကျောက်တော်မြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူ သိသိသာသာလျော့ကျ လာတာတွေ့ရပြီး မြောက်ဦးမှာလည်း လျော့ကျလာမယ်လို့ မျှော်လင့်ကြောင်း မြောက်ဦးဒေသခံတချို့က ပြောကြပါတယ်။