ပဋိပက္ခတွေ ပြေငြိမ်းစေရေး စင်္ကာပူကူညီပေးပို့ တူရကီဝန်ကြီးချုပ် တိုက်တွန်း
2014.01.09

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား ပဋိပက္ခတွေ ပြေငြိမ်းသွားရေး အတွက် စင်္ကာပူနိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ တူရကီဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
တူရကီဝန်ကြီးချုပ် အာဒိုဂန်က သူ့ရဲ့အာရှတိုက်ခရီးစဉ် အတွင်း စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်မှာ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ကြောင်း တူရကီ ဒုဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
စင်္ကာပူနိုင်ငံသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ် ကြပြီး၊ နိုင်ငံကလည်း သေးငယ်ပေမယ့် တိုးတက်ဖွံ့ဖြိုး ချမ်းသာကြွယ်၀ ပညာတတ်ပေါများတဲ့ နိုင်ငံဖြစ် တာကြောင့် ဗုဒ္ဓဘာသာဝင်လောကမှာ အနည်းဆုံး တစ်စုံတရာ သြဇာရှိတဲ့အတွက် မြန်မာနိုင်ငံက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကိစ္စ ကြားဝင်ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်က စင်္ကာပူအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့တာပါ၊ စင်္ကာပူအနေနဲ့ စစ်ရေးအရ မဆောင်ရွင်နိုင်သည့်တိုင်၊ စီးပွားရေး ပညာရေး ဂုဏ်ရှိန် သြဇာအရ မြန်မာပြည်က သွေးထွက်သံယိုမှုတွေကို တားဆီးပေးနိုင်မယ်လို့ တူရကီနိုင်ငံက ယုံကြည်ပါတယ်လို့ တူရကီ ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
တူရကီဝန်ကြီးချုပ် အာဒိုဂန်ဟာ ဗုဒ္ဓဟူးနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရအဆင့် အလည်အပတ်ဖြစ်ပါတယ်။