ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး သတင်းအမျိုးစုံ ကြားသိ နေရကြောင်း၊ မြန်မာအစိုးရက လူတစ်ရာ ဝန်းကျင်လောက် သေဆုံးတယ် ဆိုပေမဲ့ မိမိတို့နဲ့ အဆက်အသွယ်ရှိတဲ့ ရခိုင်က မူဆလင် ခေါင်းဆောင်တွေကတော့ သေဆုံးသူ ထောင်ဂဏန်း ရှိတယ်လို့ ပြောဆိုကြကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကို မထွက်ခွာခင် Ankara မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Davutoglu ဟာ တူရကီ လခြမ်းနီအသင်းက လှူဒါန်းလိုက်တဲ့ ဆေးဝါးနဲ့ တခြားပစ္စည်းတွေကို သယ်ဆောင်သွားပါတယ်။ အဲဒီ အလှူ ပစ္စည်းတွေဟာ ပဋိပက္ခ ဖြစ်ပွားချိန် အတွင်း အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတဲ့ မူဆလင် ဘာသာဝင် ငါးသောင်းကျော်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်သောင်းကျော်အတွက် ဖြစ်ကြောင်း သိရပါတယ်။
အခြေအနေမှန်တွေ၊ ခိုင်လုံတဲ့ သတင်းတွေကို သိရအောင် မိမိကိုယ်တိုင် သွားရောက်ရတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒုက္ခသည်တွေဆီကို အကူအညီတွေ ချက်ခြင်း အမြန်ရောက်ရှိဖို့ ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။
အခု ပေးပို့တဲ့ တူရကီ အကူအညီတွေဟာ ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေပြီးရင် မြန်မာအစိုးရက ပထမဦးဆုံး လက်ခံလိုက်တဲ့ ပြည်ပ အကူအညီ ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။